close

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ရင်း

close

June 7, 2022

ဒီးမော့ဆိုတွင် ရိက္ခာပြန်ယူသည့် စစ်ရှောင်ပြည်သူများ ပစ်ခတ်ခံရ

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာမှာ ဇွန်လ ၆ ရက် မနက် ၁၀ နာရီခွဲလောက်က စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ပြန်ယူတဲ့  စစ်ဘေးရှောင် ရွာသားတချို့   စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် တပ်ရင်း ၆ နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ကရင်နီအမျိုးသား ကာကွယ်ရေးတပ် တပ်ရင်း ၆ မှ တာဝန်ရှိသူတဦးက “စစ်ဘေးရှာင်ပြည်သူတွေက ထွက်ပြေးလို့ လွတ်သွားကြတယ်။ ထိခိုက်မိတာ မရှိပါဘူး။ သူတို့တွေက စစ်ဘေးရှောင်ပြည်သူတွေ ရွာထဲဝင်ပြီး ရိက္ခာပြန်ယူတဲ့အချိန် သေနတ်တွေနဲ့ စ ပစ်တာပါ။ သေနတ်သံတွေကြားလို့ သွားကြည့်ရင်း ကျနော်တို့တပ်ရင်းနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွေဖြစ်ခဲ့တာပါ” လို့ ပြောပါတယ်။

စစ်ရှောင်တွေအနေနဲ့ စစ်ကောင်စီက ရပ်ရွာတွေမှာ ပြန်လည်နေထိုင်ကြဖို့ ခေါ်နေတာကို မယုံကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

“စစ်ဘေးရှောင်နေရတဲ့ ကာလကြာလာတဲ့နဲ့အမျှ ခက်ခဲလာတာကို နားလည်ပါတယ်။ စစ်ကောင်စီက စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို ရပ်ရွာအတွင်း ပြန်လည်နေထိုင်ကြဖို့ သတင်းတွေလွှင့်ပြီးခေါ်နေတာကို ယုံကြည်ပြီး ပြန်မနေကြဖို့ မှာချင်ပါတယ်။ ရွာထဲ ပြန်ဝင်တာနဲ့ သေနတ်နဲ့ပစ်တယ်၊ သူတို့ ထောင်ထားတဲ့ မိုင်းနင်းမိတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အန္တရာယ်ရှိနေတဲ့ နေရာတွေကို တားမြစ်တဲ့အခါ လိုက်နာ ပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။ 

ဇွန် ၆ ရက်နေ့မနက်ပိုင်း ထိတွေ့တိုက်ပွဲမှာ ၄၅  မိနစ်ကြာ ပြင်းထန်ခဲ့ပြီး ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ပူဖားကျေးရွာ၊ နန်းမယ်ခုံကျေးရွာတကြောမှာ မိုးဗြဲတိုက်ပွဲ စတင်ဖြစ်ပွားချိန်ကတည်းက စစ်ဘေးရှောင်နေရတာ အခုဆိုရင် ၄ လ ရှိပြီလို့ သိရပါတယ်။

2 mins Ago
Up