၁၄၇ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဇွန်လ ၂၅ ရက်မနက်က ကျင်းပသွားပါတယ်။
စစ်အာဏာရှင်အောက် လက်ရှိကရင်နီပြည်မှာ လူဦးရေထက်ဝက်ကျော်လောက် အိုးအိမ်စွန့်ခွာ ဒုက္ခရောက်နေရတဲ့အခြေအနေတွေကို ကရင်နီအဖွဲ့အစည်းခေါင်ဆောင်တွေက ဒီအခမ်းအနားမှာ ထုတ်ဖော်ပြောဆိုသွားသလို တခြားတိုင်းရင်းသားတွေနဲ့တန်းတူ တော်လှန်ရေးကို ကျရာနေရာကနေ ဆက်လက်ပါဝင်သွားကြဖို့ တိုက်တွန်းသွားပါတယ်။
ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမှာ အစုလိုက်အပြုံလိုက်ဖြတ်မှု၊ ချင်းပြည်နယ် ထန်တလန်မြို့မီးရှို့မှုစတဲ့ စစ်အာဏာရှင်တွေရဲ့ စစ်ရာဇဝတ်မှုတွေကို တရားစွဲဆို အရေးယူနိုင်အောင် သြစတြေးလျ အာဏာပိုင်တွေနဲ့ ဆွေးနွေးလုပ်ဆောင်သွားမယ်လို့လည်း NUG သြစတြေးလျကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ပြောပါတယ်။
အခမ်းအနားမှာ ကရင်နီ ရိုးရာအသုံးအဆောင်တွေ ခင်းကျင်းပြသခဲ့သလို ကရင်နီဒေသခံတွေရဲ့ ရိုးရာအကတွေနဲ့လည်း ဖျော်ဖြေတင်ဆက်သွားပါတယ်။
ဒီပွဲကို ဗစ်တိုးရီးယားအနီးတဝိုက်က တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေအပါအဝင် လူ ၂၀၀ ကျော်လောက်တက်ရောက်ခဲ့ပါတယ်။
ကရင်နီပြည်ကို သီးခြားလွတ်လပ်တဲ့တိုင်းပြည်အဖြစ် ၁၈၇၅ ခု ဇွန်လ ၂၁ ရက်မှာ ဗြိတိသျှအစိုးရနဲ့ ဗမာဘုရင်တို့အကြား သဘောတူလက်မှတ်ထိုးစာချုပ်ချုပ်ဆိုခဲ့တာကို အစွဲပြုပြီး ကရင်နီအမျိုးသားနေ့ကို နှစ်စဉ် ကျင်းပလာတာ အခုနှစ်ဆိုရင် ၁၄၇ နှစ်ရှိလာပြီ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ပြီး နိုင်ငံရေးတန်းတူမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာမှာ ကရင်နီပြည်သူလူထုရဲ့ ကြိုးပမ်းအားထုတ်မှုတွေပြီးမြောက်အောင်မြင်စေဖို့နဲ့ ကရင်နီပြည်သူလူထုတရပ်လုံးနဲ့အတူ ခိုင်မာစွာရပ်တည်ကာ အခုဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေး ပြီးမြောက်အောင်မြင်သည်အထိ လက်တွဲဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။
ဇွန် ၂၁ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ၁၄၇ နှစ်မြောက် ကရင်နီအမျိုးသားနေ့အတွက် သဝဏ်လွှာပေးပို့လိုက်တာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ နေရာဒေသအသီးသီးမှာ ရောက်ရှိနေထိုင်နေကြတဲ့ ကရင်နီလူမျိုးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြစေဖို့လည်း ဆုတောင်းပေးထားတာပါ။
ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ တိုင်းပြည်ဖြစ်တာကြောင့် ကရင်နီပြည်ကို ဘယ်လိုနည်းနဲ့မှ အုပ်ချုပ်စိုးမိုးခြင်းပြုလုပ်ကြမယ်မဟုတ်ကြောင်း ဗမာဘုရင်ကိုယ်စား ကင်းဝန် မင်းကြီးဦးကောင်းနဲ့ အင်္ဂလိပ်ဘုရင်ခံချုပ်ကိုယ်စား ဆာဒေါ့ကလပ်ဖောဆစ်(သ်) တို့က ၁၈၇၅ ခုနှစ်၊ ဇွန် ၂၁ ရက်က လက်မှတ်ရေးထိုးပြီး နှစ်နိုင်ငံအကြား သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြကာ အဆိုပါနေ့ကို ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဥ်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိတဲ့ အချိန်က စတင်ကာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်အုပ်ချုပ်မှုကြောင့် ကရင်နီအမျိုးသားတွေရဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးခဲ့ရသလို လက်ရှိအချိန်မှာလည်း ကရင်နီပြည်သူလူထုများစွာဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်တဲ့ ရက်စက်မှုတွေကြောင့် ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာခဲ့တဲ့ မြေယာ၊ အိုးအိမ်တွေကို စွန့်ခွာပြီး စစ်ဘေးရှောင်ဘဝနဲ့ ဒုက္ခဆင်းရဲမျိုးစုံ ခံစားနေကြရတာကို စာနာနားလည်ကြောင်းလည်း ဖော်ပြထားပါတယ်။
လက်ရှိကာလ မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူမှုကို ပြည်သူတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ကာလဟာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သလို ဒီကာလတွေအတွင်း တောရောမြို့ပါမကျန် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲမှာတော့ ကရင်နီပြည်နယ်ဟာလည်း တခုအပါအဝင် ဖြစ်သလို စစ်ကောင်စီတပ်တွေက ဘာသာရေးအဆောက်အအုံတွေ အပါအဝင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ဖိနှိပ်ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ဒေသခံတွေဟာ နေရပ်စွန့် ခွာ ထွက်ပြေးတိမ်းရှောင်ရတာတွေလည်း မြင့်တက်နေတဲ့ ဒေသ ဖြစ်နေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပေးပို့တဲ့ သဝဏ်လွှာထဲမှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားအာဏာလုယူတဲ့ ကြိုးပမ်းမှုကို ကရင်နီ ပြည်သူလူထုတရပ်လုံးက နည်းလမ်းပေါင်းစုံနဲ့ မဆုတ်မနစ်သော စွန့်လွတ်စွန့်စား၊ ဇွဲလုံ့လတွေနဲ့ ဆန့်ကျင်ခုခံ တော်လှန်နေကြတာကို တွေ့ရှိရတဲ့အတွက်လည်း များစွာ လေးစားဂုဏ်ယူတယ်လို့ ဖော်ပြထားပါတယ်။
အာဏာရှင်စနစ်အားလုံးချုပ်ငြိမ်းပြီး ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်း ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ကရင်နီပြည်ဖြစ်ပေါ်လာရေး ကရင်နီအမျိုးသားတွေနဲ့ ပြည်သူလူထုတရပ်လုံး ကျရာအခန်းကဏ္ဍကနေ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က တိုက်တွန်း လိုက်ပါတယ်။
ဇွန် ၂၁ ရက် ဒီကနေ့ ကျရောက်တဲ့ ၁၄၇ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အတွက်ပေးပို့တဲ့ သဝဏ်လွှာမှာအခုလို တိုက်တွန်းလိုက်တာဖြစ်ပြီး ဒီကနေ့ ဖြစ်ပျက်ပြောင်းလဲနေတဲ့ နိုင်ငံရေး အခြေအနေ၊ အချိန်ကာလမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေနဲ့အတူ ကရင်နီအမျိုးသားတွေအကြား ဘုံသဘောထားရရှိပြီး အတူတကွစည်းလုံးစွာနဲ့ အကြမ်းဖက်စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အမြန်ဆုံးဆောင်ရွက်ဖို့လိုအပ်ကြောင်းလည်းထည့်သွင်း ဖော်ပြထားပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကလည်း ဌာနေတိုင်းရင်းသားတွေ လူနည်းစု အခွင့်အရေးနဲ့ ကရင်နီပြည်သူအားလုံး တန်းတူအခွင့်အရေးနဲ့ အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ခွင့်ကို အနာဂတ်မှာ ပြဋ္ဌာန်းမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ တိကျစွာ ကာကွယ်ပြဋ္ဌာန်းရုံမက အမှန်တကယ် အကောင်အထည်ဖော်ဖို့ ဒီကနေ့ကျရောက်တဲ့ ၁၄၇ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းမှတ်သဝဏ်လွှာပေးပို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အဲဒီလိုအခွင့်အရေးတွေကို တားဆီးပိတ်ပင်နေတဲ့ အာဏာရှင်စနစ်ကိုလည်း အပြီးပြတ်တိုက်ပွဲ ဝင်မှာဖြစ်သလို၊ ရည်မှန်းချက်တူတဲ့ အင်အားစုတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်မယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီနေ့ကျရောက်တဲ့ ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ကရင်နီပြည်နယ် ဒီးမော့ဆိုအရှေ့ခြမ်းက နေရာတနေရာမှာ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ ကရင်နီပြည်သူ ၃၀၀၀ ကျော်ပါဝင်ဆင်နွှဲခဲ့ကြပြီး စစ်ရေးပြအခမ်းအနားတွေ၊ အဖွဲ့အစည်းအသီးသီးရဲ့ သဝဏ်လွှာဖတ်ကြားတာအပါအဝင် ခေါင်းဆောင်တွေက အားပေးစကား ပြောဆိုခဲ့ကြပါတယ်။
စစ်တပ်မတရားအာဏာသိမ်းယူတဲ့အချိန်ကစပြီး စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ပါဝင်ခဲ့ကြတဲ့ ကရင်နီအမျိုးသားတွေ၊ ကရင်နီလူငယ်အမျိုးသမီးတွေ၊ ဖိနှိပ်ခံဘဝတူ တိုင်းရင်းသားတို့နဲ့အတူ မလျှော့တဲ့ ဇွဲနဲ့ အမှန်တရားဘက်က ရပ်တည်ကာ ဒီကနေ့ထိ ဆက်လက်ပြီး တိုက်ပွဲဝင်နေမှုကို လေးစားအသိအမှတ်ပြုကြောင်း ကရင်နီအမျိုးသားနေ့အတွက် ပေးပို့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ၁၄၇ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့မှာ စစ်အာဏာရှင်စနစ်နဲ့ အာဏရှင်စနစ်အားလုံး ချုပ်ငြိမ်းပြီး ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်တဲ့အထိ ကေအန်ယူကလည်း အတူတကွ ဆက်လက်လက်တွဲပြီး တိုက်ပွဲဝင်သွား မယ်လို့လည်း ကေအန်ယူရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
ဒီနေ့ကာလ လူမျိုးပေါင်းစုံ မြန်မာပြည်တို့ရဲ့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်စနစ် အမြစ်ဖြတ် သုတ်သင်ရေး၊ ၂၀၀၈ ခြေ/ဥ ဖျက်သိမ်းရေး၊ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးစတဲ့ နိုင်ငံရေးတာဝန်တွေကို ကရင်နီအမျိုးသား ပြည်သူတို့အနေနဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်နေမှုအတွက် ဝမ်းမြောက်ဂုဏ်ယူ ကဗ္ပည်းတင်ကြောင်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီကလည်း သဝဏ်လွှာပေးပို့ထားပါတယ်။
စစ်အာဏာရှင်ကျဆုံးရေးနဲ့ အာဏာရှင်စနစ်အပြီးတိုင် အမြစ်ပြတ်ချုပ်ငြိမ်းရေး အတွက် ကရင်နီပြည်နယ်ရဲ့ စည်းလုံးညီညွတ်မှုနဲ့ မဆုတ်မနစ်သော ဇွဲလုံ့လတို့ကို ပြသပြီး ကရင်နီပြည်နယ်အတွင်းရှိ ပြညသူလူထုတိုင်ဟာ မိမိတို့ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပေးကြဖို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက တိုက်တွန်းထားပါတယ်။
ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီအနေနဲ့ ပြည်သူလူထုတရပ်လုံးနဲ့အတူ စစ်အာဏာရှင်ကျဆုံးရေးနဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် လူထုတော်လှန်ရေး ပါဝင်ဆင်နွှဲပြီး တိုင်းရင်းသားတန်းတူရေးကို အသွင်ဖော်ဆောင်နိုင်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ကတိပြုကြောင်းလည်း KSCC ကရင်နီအမျိုးသားနေ့အတွက် ပေးပိုတဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
၁၈၇၅ ခု ဇွန်လ ၂၁ ရကမှာ ကရင်နီပြည်ကို သီးခြားလွတ်လပ်တဲ့တိုင်းပြည်အဖြစ် ဗြိတိသျှအစိုးရနဲ့ ဗမာဘုရင်တို့အကြား အသိအမှတ်ပြု စာချုပ်ချုပ်ဆိုခဲ့တဲ့နေ့ကို ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပလာတာ အခုဆိုရင် ၁၄၇ နှစ်ရှိပြီဖြစ်ပါတယ်။