close

ကရင်နီ ပူးပေါင်းတပ်

close

June 3, 2022

ဖရူဆိုတိုက်ပွဲတွင် ဒရုန်းပစ်လက်နက် အပါအဝင် လက်နက်ခဲယမ်းအချို့ ကရင်နီပူးပေါင်းတပ် သိမ်းဆည်းမိ

ကရင်နီ (ကယား)ပြည်နယ်၊ ထားလဲနဲ့ နန်းဖဲကျေးရွာအကြား ဇွန် ၂ ရက်က ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီကားတပ်ရဲ့ ကား ၂ စီးကို ဖျက်ဆီးခဲ့ပြီး ဒရုန်းပစ်ချတဲ့လက်နက် အပါအဝင် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ ကရင်နီပူးပေါင်းတပ်ဘက်က သတင်းထုတ်ပြန်ပါတယ်။

ဖရူဆိုနဲ့ ဖားဆောင်းမြို့နယ်ကို ရိက္ခာသွားပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့သလို အခုလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာ ဖြစ်ပါတယ်။

မေလအတွင်း ကရင်နီပြည်မှာ စစ်ကောင်စီတပ်က ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ဖယ်ခုံမြို့နယ်တို့မှာ ထိုးစစ်အရှိန်မြှင့်သလို စစ်ကောင်စီတပ်ဟာ ရှမ်း-ကယားနယ်စပ် မိုးဗြဲနဲ့ လွိုင်ကော်နယ်စပ်တို့အပြင် ဖယ်ခုံအရှေ့ဘက်ကမ်းတို့မှာ နယ်မြေစိုးမိုးရေးအတွက် အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က မေ ၁၅ ရက်ကစပြီး ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းကျေးရွာတွေဖြစ်တဲ့ ဆောင်နန်းခဲ၊ နန်းပုံလုံ၊ လွယ်ပေါကျေးရွာဘက်မှ စစ်ကြောင်းတကြောင်းနဲ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်းဘက်မှ ဆီးမီးလော့ကျေးရွာဘက် စစ်ကြောင်းတကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

မေ ၁၆ ရက်မှာတော့ ဆောင်နန်းခဲကျေးရွာအတွင်း ရွာလုံးကျွတ် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး လွယ်ပေါနဲ့ နန့်ပုံလုံကျေးရွာမှာလည်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဖယ်ခုံ-ပင်လောင်းနယ်စပ်ဖြစ်တဲ့ ပင်ပုံ၊ လွယ်ဟွယ်၊ တောင်မဲသင်းကျေးရွာနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းပြီး အင်အားဖြည့်တင်းနေပါတယ်။

ပင်လောင်းမြို့နယ် သသာန်ကူး၊ လွန်းကဲနဲ့ ကထန်းရွာသစ်ကျေးရွာတွေမှာ  စစ်ကောင်စီတပ်နဲ့ PNO တပ်တွေ လှုပ်ရှားနေပြီး ကျေးရွာတွေအတွင်း နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးတာ၊ ကက်သလစ်မယ်တော်ဂူကို ဖျက်ဆီးခဲ့ကြောင်းလည်း KNDF က သတင်းထုတ်ပြန်ပါတယ်။

12 mins Ago

March 3, 2022

တိုက်ပွဲကြောင့် ၂ လအတွင်း ကရင်နီပူးပေါင်းတပ်နှင့် ပြည်သူ ၁၂၀ ကျော် သေဆုံး

ကရင်နီ (ကယား)ပြည်နယ်မှာ ၂၀၂၂ ခုနှစ် ၂ လအတွင်း တိုက်ပွဲနဲ့ တိုက်ပွဲနဲ့ဆက်နွှယ်ပြီး လူပေါင်း ၁၂၁ ဦး  သေဆုံးသွားတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ အရပ်သား ပြည်သူသေဆုံးမှု  ၇၀၊ စစ်ဘေးရှောင်စဉ် သေဆုံးသူ ၅ ဦးနဲ့ KNDF/ PDF နဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် သေဆုံးမှု ၄၆ ဦးရှိကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား ၂၀၂၀ ခု ဇန်နဝါရီကနေ ဖေဖော်ဝါရီလကုန်အထိ တိုက်ပွဲပေါင်း ၅၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီမှာ လွိုင်ကော်မြို့နယ်မှာ ၂၅ ကြိမ်နဲ့ အများဆုံး ဖြစ်ဖွားခဲ့ကြောင်း ဖော်ပြပါတယ်။

လေကြောင်းနဲ့ တိုက်ခိုက်ခံရမှု ၆၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၇၇ လုံး၊ ဘာသာရေးအဆောက်အအုံ ၃ လုံး ပျက်စီးသွားခဲ့ပါတယ်။

ဒီနှစ်လ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က  ၂၈၄ ဦးသေဆုံးကာ စစ်ကောင်စီယာဉ် ၇ စီး ပျက်စီးသွားခဲ့ကြောင်းနဲ့  မတရားဖမ်းဆီးခံရသူ ၁၂ ဦးရှိကြောင်း ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ခု ဖေဖော်ဝါရီ ၁ ရက်မှ  ၂၀၂၂ ခု ဖေဖော်ဝါရီ ၂၈ ရက်အထိ ကရင်နီ ကယားပြည်နယ်မှာ စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ၁၈၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က  ၇၉၀ ဦး သေဆုံးကာ ကရင်နီပူးပေါင်းတပ်ဘက်က ၈၇ ဦး ကျဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

တနှစ်ကျော်ကြာအတွင်း အရပ်သားပြည်သူ ၂၂၁ ဦး သေဆုံးခဲ့ရပြီး လူနေအိမ် ၆၄၉ လုံး ပျက်စီးသွားကာ၊ ဘာသာရေးအဆောက်ဦ ၁၀ လုံးပျက်စီးခဲ့ရသလို မတရားဖမ်းခံရသူ ၂၂၀ ရှိကြောင်း ဖော်ပြပါတယ်။

3 months Ago
Up