close

ကရင်နီ

close

May 8, 2023

ကရင်နီ ပွိုင့်5 ပရောဂျက်မှ ကန်ဒေါ်လာ ၄ သိန်းရရှိရန် မျှော်မှန်း

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ  စစ်အာဏာရှင်ကို တွန်းလှန်တိုက် ခိုက်နေကြတဲ့ ကရင်နီပြည်က တော်လှန်ရေးသူရဲကောင်းတွေအတွက် ကရင်နီ ပွိုင့်5 ပရောဂျက်ကနေ လျာထားချက်ပြည့်မီဖို့ ၇၅ ရာခိုင်နှုန်း လိုအပ်နေသေးတာမို့ အားလုံးပါဝင် ထောက်ပို့နိုင်ဖို့ နှိုးဆော်ထားပါတယ်။

ဒီပရောဂျက်ကိုတော့ တော်လှန်ရေးမှာ အထိအနာဆုံးဖြစ်နေတဲ့ ကရင်နီဒေသအတွက် KNDF ရဲ့ ဗျူဟာကျတဲ့ စစ်ဆင်ရေးတွေအတွက် မရှိမဖြစ် ပစ္စည်း ပွိုင့် 5 အတွက် ရည်ရွယ်ပြီးတော့ ပြုလုပ်တာ ဖြစ်ပါတယ်။

ကမ်ပိန်းကာလကိုတော့ ဧပြီ ၂၃ ရက်ကနေ လာမယ့် မေ ၁၃ ရက်အထိ သတ်မှတ်ထားပြီးတော့ ကရင်နီ ပွိုင့်5 ပရောဂျက်ကနေ အမေရိကန်ဒေါ်လာ ၄ သိန်း ရရှိနိုင်ဖို့ မျှော်မှန်းထားပါတယ်။

လတ်တလောမှာတော့ ဒီကမ်ပိန်းကို နိုင်ငံအလိုက် FR တွေကနေတဆင့် ပါဝင်နိုင်မှာဖြစ် ပြီးတော့ ကရင်နီရဲ့ မြေပြင်ဝေဟင်ကို ကရင်နီပြည်သူပိုင်ဖို့ တော်လှန်ပြည်သူ တရပ်လုံး ပါဝင်ပေးကြဖို့ အကူအညီတောင်းခံထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေအနှံ့အပြားဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက် ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

စစ်တပ်အာဏာသိမ်း ၂ နှစ်ကျော်အတွင်းမှာတော့ ကရင်နီ (ကယား) ပြည်နယ်ထဲမှာ  တိုက်ပွဲအကြိမ်ရေ ၆၆၀ ကျော် ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သားပြည်သူ အယောက် ၃၂၀ နီးပါးနဲ့ စစ်ဘေးရှောင် သေဆုံးသူ ၁၃၄ ယောက်ထိ ရှိလာခဲ့တယ်လို့ တိုး တက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။

ဧပြီ ၃၀ ရက် မနေ့ကအထိ ကရင်နီပြည်နယ်တွင်း လေကြောင်းကနေ တိုက်ခိုက်ခံရမှု ကတော့ ၃၆၃ ကြိမ်ထိရှိခဲ့ပြီး ပျက်စီးသွားတဲ့နေအိမ် ၁,၄၉၇ လုံးနဲ့ ဘာသာရေး အဆောက်အဦ ၃၄ လုံး ပျက်စီးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ မတရား ဖမ်းဆီးခံထားရ သူအရေအတွက်ကတော့ ၂၇၉ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၁,၉၉၅ ယောက် သေဆုံးကာ စစ်ကောင်စီယာဉ် ၆၁ စီး ပျက်စီးသွားခဲ့သလို KNDF ၊ ပြည်သူ့ ကာကွယ်ရေးတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ၂၅၉ ယောက် ကျဆုံးခဲ့ ကြောင်းလည်း ဖော်ပြပါတယ်။

စစ်ကောင်စီဟာ ကရင်နီပြည်နယ်အတွင်း လူအင်အား ဖြည့်တင်းတာ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာဖြည့်တင်းတာတွေအပြင် တိုက်ပွဲအတွင်း ဒဏ်ရာ ရတပ်သားတွေကို သယ်ယူတာတွေအတွက် စစ်သုံးရဟတ်ယာဉ်တွေကို အဓိကထား အသုံးပြုခဲ့ပြီး တလတာအတွင်း ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်တွေကို ရဟတ်ယာဉ်နဲ့ ဖြတ်ကျော်ပျံသန်းမှုအကြိမ်ရေ ၅၂ ကြိမ်နဲ့အထက် ပျံသန်းသွားလာခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ KNDF ထိန်းချုပ်ခဲ့တဲ့ နန်းမယ်ခုံမြို့ကို လက်လွှတ်ခဲ့ရ ပြီးတော့ လတ်တလောမှာတော့ ကရင်နီပြည်တပ်ပေါင်းစုအနေနဲ့ စခန်းကြီး ၃ ကို သိမ်းယူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်အတွင်း စစ်ဆင်ရေးနဲ့ စပ်လျဥ်းပြီးတော့ Chain of Command ကိစ္စ ရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် ERO၊ PDF တွေနဲ့လည်း ဆွေးနွေး သဘောတူညီမှု ရရှိပြီးဖြစ်တယ်လို့ KNDF က ပြောထားပါတယ်။

12 mins Ago

May 5, 2023

ကရင်နီနှင့် ရှမ်းပြည်တောင်ပိုင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်များ အထိနာ၊ ၁ လအတွင်း အယောက် ၇၀ သေ

ပြီးခဲ့တဲ့ ဧပြီလအတွင်း ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ တိုက်ပွဲအကြိမ်ရေ ၅၀ ထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၇၀ သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်မျက်နှာအသီးသီးမှာ ထိခိုက်ကျဆုံးမှု များပြားနေတာကြောင့် ဧပြီလအတွင်း လေကြောင်းကနေ ၁၀၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြလို့ အရပ်သား ၁ ယောက် သေဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်တွေရဲ့ ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ရင်း ပင်လောင်း-ဖယ်ခုံ နယ်စပ် မြောက်စလုံးတိုက်ပွဲအတွင်း KNDF/B02 က ရဲဘော် ၁ ယောက်နဲ့ KNDF/B11 က ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် တနီးလားလဲကျေးရွာအနီး တောင်ပေါ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ရင်း KNDF/B06 က ရဲဘော် ၁ ယောက်လည်း ရဲရင့်စွာ ကျဆုံးခဲ့ရကာ အဆိုပါတိုက်ပွဲတွေအတွင်း ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် အသက်ပေးသွားတဲ့ ရဲဘော် ၃ ယောက်ကို KNDF က ကရင်နီအမျိုးသား အာဇာနည်အဖြစ် မှတ်တမ်းတင် အလေးပြုကြောင်းလည်း ဖော်ပြထားပါတယ်။

ဧပြီလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လက်နက်ကြီး​ ၇ လက်၊ လက်နက်ငယ် ၅၂ လက်နဲ့ ခဲယမ်းတွေကို ကရင်နီပူးပေါင်းတပ်တွေဘက်က သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လူနေအိမ်ပေါင်း ၂၀ ကျော် ပျက်စီးခဲ့ရပြီး ပြည်သူ့ဆေးရုံနဲ့ ကိုယ်ထူကိုယ်ထဆေးရုံ ၂ ရုံ၊ ကျေးရွာဆေးပေးခန်း ၂ ခန်း ထိခိုက်ပျက်စီးခဲ့တဲ့အပြင် လက်နက်ကြီးကျရောက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း ပျက်စီးခဲ့တယ်လို့ KNDF က ပြောပါတယ်။ တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှ စစ်သုံ့ပန်း ၃ ဦး ဖမ်းရမိခဲ့ပါတယ်။

ကရင်နီပြည်နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်၊ ရှားတောမြို့နယ်၊ ဘောလခဲ-ဒီးမော့ဆိုမြို့ နယ်စပ်တို့အပြင်၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံမြို့နယ်တို့မှာလည်း စစ်ကြောင်းတွေထိုးနေပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ နေ့စဥ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ပင်လောင်း-ဖယ်ခုံမြို့နယ်စပ်၊ မိုးဗြဲနဲ့ ဒီးမော့ဆိုမြို့နယ် စစ်မျက်နှာတို့မှာ စစ်ကောင်စီတပ်တွေက တိုက်လေယာဥ်တွေ၊ ရဟတ်ယာဥ်တွေ အသုံးပြုကာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပေမဲ့ သူတို့ဘက်ကသာ အထိနာနေတယ်လို့လည်း KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

3 days Ago
Up