close

ကရင်ပြည်နယ်နေ့

close

November 7, 2022

ဘားအံ၌ ကရင်ပြည်နယ်နေ့ပွဲအတွက် စစ်ကောင်စီအဖွဲ့ဝင်နှင့် ဝန်ကြီးများရောက်နေချိန် ဗုံးကွဲ

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဝန်ကြီးတွေ ရောက်ရှိနေစဉ် လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ပြည်နယ်လ၀ကရုံးအနီးနဲ့ ယဉ်ကျေးမှုပြတိုက်အနီးတွေမှာ နိုဝင်ဘာ ၆ ရက် ည၇ နာရီခွဲလောက်က ဗုံး နှစ်လုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတာဝန်ရှိသူတွေဟာ နိုဝင်ဘာ ၇ ရက်နေ့ကျရောက်မယ့် ၆၇ နှစ်မြောက် ကရင်ပြည်နယ်နေ့ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ရောက်ရှိနေချိန် အခုလိုဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး သေနတ်ပစ်ခတ်သံတွေပါကြားရတယ်လို့ ဒေသခံတွေကထံက သိရပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာအနီးရပ်ကွက်နေ ပြည်သူတစ်ဦးက “ဗုံးပေါက်တာဟုတ်တယ်။ ပထမ တလုံးသတိမထားမိဘူး။ ပြည်နယ်ကွင်းမှာ ဒုံးပြိုင်ပွဲရှိတော့အသံတွေနဲ့ သိပ်မကြားရဘူး။ နောက်တလုံးပေါက်တာ အသံအကျယ်ကြီးပဲ။ အိမ်တောင်တုန်သွားတယ်။ ဗုံးပေါက်ပြီး မကြားဘူး သေနတ်သံတွေပါ ကြားရတယ်”လို့ ပြောပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာ ပြည်ထောင်စုရိပ်သာနဲ့ ပြည်နယ်ကွင်းအနီးတဝိုက် လုံခြုံရေးအများအပြားချထားတဲ့ကြားက ပေါက်ကွဲခဲ့တာဖြစ်ပြီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးအဖွဲ့တွေက သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြတာပါ။

၆၇ နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲကို ပျော်ပွဲရွှင်ပွဲတွေနဲ့ ပိုမိုစည်းကားအောင် စစ်ကောင်စီက စီစဉ်နေပြီး လုံခြုံရေးကိုလည်း မြို့တွင်းမြို့ပြင်အဝင်အထွက်ဂိတ်တွေနဲ့ ဘားအံမြို့အနီးဝန်းကျင်ကျေးရွာတွေအထိ စစ်ဆေးမှုတွေကို တင်းကျပ်လုပ်ဆောင်နေပါတယ်။

နိုဝင်ဘာ ၆ မနက် ၇ နာရီခွဲက စစ်ကောင်စီအဖွဲ့ဝင်တွေ၊ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြည်နယ်ဝန်ကြီးတွေဟာ တရုတ်လှကျေးရွာ၊ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းနဲ့ သံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲနဲ့  ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့မဘောလုံးကွင်းမှာပြုလုပ်တဲ့ တန်ဆောင်တိုင်မီးပုံးပျံလွှတ် တင်ပွဲအခမ်းအနားတွေကို တက်ရောက်ခဲ့ပါတယ်။

နိုဝင်ဘာ ၅ ရက် မနက်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဘောလုံးကွင်းသစ်မှာ ၆၇ နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဇွဲကပင်အားကစားကွင်းဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

နိုဝင်ဘာ ၄  မနက်ကတော့ ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာမှာရှိတဲ့ ထွန့်ပတိုင်ရေကန်အဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနဲ့  ဘားအံမြို့နယ်၊ နောင်လုံ(အရှေ့)ကျေးရွာ၊ ကွင်းအမှတ် ၁၁၄၇၊ တောင်သူဦးမောင်ရှိန်ရဲ့ လယ် ၅ ဧကအတွင်းမှာ ဆောင်းဆီထွက်သီးနှံ နေကြာမျိုးစေ့ပေးအပ်ပွဲ၊ အစေ့ချကိရိယာနဲ့စိုက်ပျိုးတဲ့ ကွင်းသရုပ်ပြပွဲကို တက်ရောက်ခဲ့ကြပါတယ်။

7 mins Ago

November 11, 2019

ကရင်ပြည်နယ်နေ့ ရိုးရာဒုံးအကပြိုင်ပွဲတွင် ရသေ့ပျံယဉ်ကျေးမှုဒုံးအဖွဲ့ ပထမဆုရရှိ

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲနဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၁ မနက် ၁ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းမှာ ကျင်းပါတယ်။  ကရင်ရိုးရာအဆင့်မြင့်ဒုံးအကပြိုင်ပွဲကို ပြိုင်ပွဲ ၁၂ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အနက် နောက်ဆုံးနေ့ ဒုံးအကပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၉ သင်းယှဉ်ပြိုင်ခဲ့ရာမှာ အကောင်းဆုံးဘက်စုံဒုံးဆု ပထမဆုကို ဘားကပ်-ဝတ်ကြီးတိုက်နယ်၊ ရသေ့ပျံယဉ်ကျေးမှုဒုံးအဖွဲ့က ဆွတ်ခူးရရှိသွားပါတယ်။ ဒုတိယဆုကို အိန္ဒု-မိစံ တိုက်နယ်၊ ဟိမောင်းလာဒိုး နောင်ပလိန်ဖိုး ယဉ်ကျေးမှုဒုံးအဖွဲ့၊ တတိယဆုကို ထုံးအိုင်-ဒုံရင်းတိုက်နယ်၊ ဟိလာပလောဖောင် ရွှေကော့ပရံယဉ်ကျေးမှုဒုံးအဖွဲ့တွေက ရရှိသွားပါတယ်။ ရသေ့ပျံယဉ်ကျေးမှုဒုံးအဖွဲ့၊ ဒုံးနည်းပြ၊ စောအောင်ကျော်ငြိမ်းက”အများကြီး အခက်အခဲ ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်ကလေးတွေက အရမ်း‌ခြေထောက်တွေ နာကြတယ်။ နောက်ဆုံးဖိုင်နယ်ကြတော့ အကုန်လုံးကြိုးစားပမ်းစားနဲ့ အင်တိုက်အားတိုက်လုပ်လို့ ပထမဆုကြီးကို ဆွတ်ခူးရရှိသွားတာ”လို့ ပြောပါတယ်။ ကရင်ရိုးရာဒုံးအကပြိုင်ပွဲကို အမှတ်ပေးစည်းမျဉ်းအရ ဒုံးအဖွဲ့ဝင်ဖွဲ့စည်းပုံ၊ ဒုံးမအက၊ တေးသီချင်း၊ ဆိုင်းနဲ့တီးမှုတ်ခြင်းတွေမှာ ရိုးရာအစဉ်အလာနဲ့ ကိုက်ညီမှုရှိမရှိ၊ တီထွင်ဆန်းသစ်မှု၊ ရိုးရာယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ကွက် ဒုံးတီးသူနဲ့ တေးသီချင်းသီဆိုသူတွေရဲ့ အသံကြည်လင် ပြတ်သားမှုစတဲ့ အချက်တွေကို ကြည့်ပြီး အကဲဖြတ်ရွေးချယ်ခဲ့တာပါ။ အကဲဖြတ်ဒိုင်အဖွဲ့ဝင်၊ ဒေါ်နန်းမြင့်တင်က“သူတို့ရဲ့ မျက်နှာအနေအထား။ ပိုပြီးတော့ မုဝင်လား။ မဝင်လား။ ကတာကတော့ ညီညာတာတော့ ရှိတယ်။ မျက်နှာအနေအထားက ပြုံးနေသလား။ စိတ်ပါလက်ပါရှိသလား။ အဲတာကို အဓိကထားပြီးတော့ ရွေးတယ်”လို့ ပြောပါတယ်။ အကဲဖြတ်ဒိုင်အဖွဲ့ဝင်၊ ဒေါ်နန်းစေးအွာက“အမှတ် ၁၀၀ ထဲကနေပြီးတော့ ကျမတို့တွေက အပြစ်ရှာရတဲ့ လူတွေဖြစ်ပါတယ်။ ပထမဆုကို အားလုံးပေးချင်ပါတယ်။ အားလုံးက ကြိုးစားကြပါတယ်။ သူတို့ကြိုးစားမှု ကို ကျမတို့က လေးစားပါတယ်” လို့ ပြောပါတယ်။ ဒုံးအကအထူးဆုကိုတော့ ပထမ ကျပ် ၂၅ သိန်း၊ ဒုတိယဆု ၂၃ သိန်း၊ တတိယဆု ၂၁ သိန်း၊ တေးသီချင်းအကောင်းဆုံးဆုကိုတော့ ပထမဆု ၅ သိန်း၊ ဒုတိယ ၄ သိန်း၊ တတိယ ၃ သိန်းပေးအပ်ပါတယ်။ ရာဓနာ(ဆုတောင်းမေတ္တာပို့)ဆုကိုတော့ ပထမဆု ကျပ် ၅ သိန်း၊ ဒုတိယဆု ၄ သိန်း၊ တတိယဆု ၃ သိန်း၊ ဘက်စုံဆုကိုတော့ ၁၀ သိန်း၊ အကြိုးစားဆုံးဆုကိုတော့ ၃ သိန်းနဲ့ နှစ်သိမ့်ဆု ၆ သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ သတင်း- ရဲမင်းခေါင်
3 years Ago
Up