close

ကရင်ပြည်နယ်ဝန်ကြီးချုပ်

close

February 12, 2022

ကရင်ဝန်ကြီးချုပ်ကို ထောင်ဒဏ်ထက်ဝက်လျှော့၊ အကျဉ်းသား ၈၁၄ ဦးကိုလွှတ်၊ အေအေ ၄၆ ဦးကို အမှုပိတ်

ဘားအံအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁  ပုဒ်မခွဲ ၁ အရ  ကျခံရမယ့်ပြစ်ဒဏ်တွေရဲ့ ထက်ဝက်ကာလအား လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ဖော်ဖော်ဝါရီ ၁၂ ရက် နေ့စွဲနဲ့  အာဏာသိမ်း စစ်ခေါင်းဆောင်က အမိန့် ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို စစ်ကောင်စီက  ရာဇသတ်ကြီးပုဒ်မ  ၅၀၅-ခ နဲ့ ၂ နှစ် ၊ အဂတိတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့  အမှု ၅ မှုအတွက် ၇၅ နှစ်၊  မဲမသမာမှု စွပ်စွဲချက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က)နဲ့  ထောင်ဒဏ် ၃ နှစ်  စုစုပေါင်း ထောင်ဒဏ် နှစ်ပေါင်း ၈၀ ချမှတ်ခံထားတာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း ထာဝရငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း နိုင်ငံတော်အတွင်း တရားရုံးအသီးသီးမှာ တရားစွဲဆိုထားဆဲ ရက္ခိုင့်တပ်တော် အေအေအဖွဲ့ဝင်တွေနဲ့ ဆက်စပ်သူ ၄၆ ဦးကိုလည်း တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းပြီး အမှုကနေ လွှတ်ပေးလိုက်တယ်လို့ အမိန့်ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အကျဉ်းထောင်အသီးအသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေအနက် ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေကို ကျခံပြီဖြစ်တဲ့အပြင် စည်းကမ်းကောင်းမွန်စွာ နေထိုင်နေကြတဲ့ အကျဉ်းသား ၈၁၄ ဦးကိုလည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁  ပုဒ်မခွဲ ၁ အရ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက အဆိုပါပြစ်ဒဏ်အပြင် အခုကျခံဖို့ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက် ကျခံပါမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့  ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပြုလုပ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။

အလားတူ သီရိလင်္ကာနိုင်ငံသား ၇ ဦးကိုလည်း  နိုင်ငံချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍ လည်းကောင်း လူသားချင်းစာနာမှုအရလည်းကောင်း  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သီးခြားအမိန့်ထုတ်ပြန်ထားပါတယ်။

4 mins Ago

November 9, 2021

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အလုပ်နှင့်ထောင်ဒဏ် ၇၅ နှစ် ၊ စည်ပင် ဝန်ကြီးကို ထောင်ဒဏ် နှစ် ၉၀ အမိန့်ချ

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို စစ်ကောင်စီက  အဂတိလိုက်စားမှုနဲ့ စွပ်စွဲပြီး  အလုပ်နဲ့ ထောင်ဒဏ် ၇၅ နှစ်ချမှတ်လိုက်တယ်လို့  ဒီအမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးဇော်မင်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်နန်းခင်ထွေးမြင့်အပေါ်  စွဲဆိုထားတဲ့အမှု ၅ မှုအတွက် တမှုကို ထောင်ဒဏ် ၁၅ နှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် ၇၅ နှစ်    ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့ မနက်မှာ အမိန့်ချမှတ်လိုက်တာလို့ဆိုပါတယ်။ တရားရုံးကိုတော့ ဘားအံအကျဉ်းထောင်တွင်းမှာ ကရင်ပြည်နယ်တရားလွှတ်တော်ပုံစံပြင်ဆင်ထားတဲ့ တရားရုံးကနေ အမိန့်ချတာလို့ လည်း ရှေ့နေကပြောပါတယ်။

ရှေ့နေ ဦးဇော်မင်းလှိုင်က “ဒေါ်နန်းခင်ထွေးမြင့်က စုစုပေါင်း အမှု ၅ မှု။ တမှုကို ၁၅ နှစ်နှုန်းနဲ့ စုစုပေါင်း ၇၅ နှစ် ကျသွားတယ်။ ဒီမနက် အမိန့်ချလိုက်တာ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ နဲ့ စွဲထားတဲ့အမှုတွေနဲ့။ ရာထူးလက်ရှိဖြစ်တဲ့အချိန်တုန်းက ဆေးဝါးကုသစရိတ် ထုတ်တဲ့အကြောင်းတွေ၊ ကရင်ပြည်နယ် ကမ်းနားလမ်း သာယာလှပရေးကိစ္စတွေ၊ အစိုးရကို ရန်ပုံငွေပေးသွင်းရမှာကို အစိုးရဘဏ်အကောင့်မှာ မထည့်ဘဲ ဖွံ့ဖြိုးရေးရန်ပုံငွေအနေနဲ့ ပုဂ္ဂလိကဘဏ်မှာ သီးခြားအကောင့်နဲ့ ထည့်တယ်ဆိုတာတွေနဲ့ ချလိုက်တာ”လို့ ပြောပါတယ်။

အလားတူ ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်ကိုလည်း အဂတိလိုက်စားမှုအပါအဝင် စွဲချက်တွေနဲ့  အမှု ၁ ခုကို ထောင်ဒဏ် ၁၅ နှစ်စီနဲ့ အမှု ၆ မှု  စုစုပေါင်း အလုပ်နဲ့ ထောင်ဒစ် နှစ် ၉၀ ချမှတ်လိုက်ပါတယ်။ 

ကာယကံရှင်တွေကတော့ အဆိုပါ ပြစ်ဒဏ်တွေအတွက် အထက် တရားရုံးတွေမှာ အယူခံဝင်သွားဖို့ မရှိဘူးလို့သိရပါတယ်။

အခုလိုနှစ်ရှည်ထောင်ဒဏ်တွေချမှတ်တာနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးဇော်မင်းလှိုင်က “ဒေါ်နန်းခင်ထွေးမြင့် အမှုကို လိုက်ပေးနေတဲ့ ရှေ့နေတွေအနေနဲ့ သုံးသပ်ရရင် ဒါက နိုင်ငံရေးအရ စွဲတဲ့အမှုတွေလို့ပဲ ကျနော်တို့ မြင်တယ်။ ရိုးရိုးရှင်းရှင်းပြောရရင် တရားဥပဒေနဲ့ ညီညွတ်မျှတခြင်းမရှိဘူးလို့ အကြွင်းမဲ့ ယုံကြည်တယ်တယ်။ နိုင်ငံရေးစနစ်တခုအရ တရားစွဲဆိုခံရပြီး ပြစ်ဒဏ်ချမှတ်ခံရတာက တရားမျှတမှုမရှိဘူးလို့ ပြောချင်တယ်။”လို့ပြောပါတယ်။

အခု ဒေါ်နန်းခင်ထွေးမြင့်ကို ဘားအံထောင်ထဲမှာ ထိန်းသိမ်းထားပြီး ကျန်းမာရေး သိပ်မကောင်း ဘူးလို့ရှေ့နေက ပြောပါတယ်။ 

“ဒေါ်နန်းခင်ထွေးမြင့်ရဲ့ ကျန်းမာရေးကတော့ အာဏာမသိမ်းခင်ကလောက်တော့ သိပ်မကောင်းဘူး ပေါ့။ ပိန်သွားတယ်။ အထဲထဲမှာ နေနေရတော့ စိတ်ဆင်းရဲမှုရှိတာပေါ့။ ကျန်းမာရေးကတော့ ကောင်းအောင်နေလို့ ပုံမှန်အတိုင်း ဖြစ်နေပေမဲ့ လူကတော့ ပိန်သွားတယ်။”

ဒေါ်နန်းခင်ထွေးမြင့်ရဲ့ အမှုအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဝါရင့်ရှေ့နေကြီး ဦးအောင်သိန်းက ဦးဆောင်ပြီး တရားလွှတ်တော်ရှေ့နေ ၄ ယောက်က လိုက်ပါဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ရှေ့နေ   ၄ ယောက်ထဲမှာ ၂ ယောက်ကိုလည်း CDM ၊ PDF  ထောက်ပံ့မှုနဲ့  စစ်ကောင်စီကစွပ်စွဲ ဖမ်းဆီးပြီး အကျဉ်းချထားတာ ၅ လလောက်နေပြီဖြစ်ပါတယ်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို  ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းတဲ့နေ့မှာ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။ နောက်တစ်နေ့  ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြန်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ထားရှိကာ ဖေဖော်ဝါရီ    ၈ ရက်မှာ  စစ်တပ်က နောက်ထပ်တစ်ကြိမ် ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူထားတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ ဧပြီ ၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် ဒေါ်နန်းခင်ထွေးမြင့်ဟာ  ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း ဘားအံမြို့နဲ့ ရန်ကုန်မြို့မှာ ဆေးကုသမှု ခံယူရာမှာ ပြည်နယ်ဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းမှ ငွေကျပ် ၁၆သန်းခွဲကို ရယူသုံးစွဲခဲ့တယ်လို့ လည်း စစ်ကောင်စီပြောခွင့်ရသူက စွပ်စွဲပြောဆိုပါတယ်။ 

ပြီးခဲ့တဲ့  ၂၀၁၇ ဇူလိုင်လက ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ဟာ တာဝန်ထမ်း ဆောင်စဉ်ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိကာ ဘယ်ဘက်ခြေသ လုံးရိုးကျိုးဒဏ်ရာကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာသွားရောက် ဆေးကုသမှုခံယူခဲ့ရတာ ဖြစ်ပါတယ်။

3 months Ago
Up