ရုရှားသမ္မတဗလာဒီမာပူတင်ကို သတ်ပစ်ဖို့ ရည်ရွယ်တဲ့ ကရင်မလင်နန်းတော်ကို ဒရုန်းနဲ့ တိုက်ခိုက်မှု နောက်ကွယ်မှာ အမေရိကန်ရှိနေတယ်လို့ မေလ ၄ ရက်မှာ ရုရှားက စွပ်စွဲလိုက်ပါတယ်။
ယူကရိန်းဟာ အမေရိကန်ရဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်နေခြင်းသာဖြစ်တယ်လို့လည်း ကရင်မလင်နန်းတော် ပြောခွင့်ရ ဒမစ်ထရီပဲ့စ်ကို့ဗ်က သတင်းထောက်တွေကို ရှင်းလင်း ပြောပြပါတယ်။
ယူကရိန်းနိုင်ငံကတော့ ဒီအဖြစ်အပျက်မှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုထားသလို ကရင်မလင်နန်းတော်ကို မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုအတွက် အမေရိကန်မှာ တာဝန်ရှိတယ် လို့ စွပ်စွဲထားတဲ့ ရုရှားရဲ့ အလိမ်အညာတွေကို အမေရိကန်သမ္မတ အိမ်ဖြူတော်က မေလ ၄ ရက်မှာ ပယ်ချခဲ့ပါတယ်။
ကရင်မလင်နန်းတော်နားမှာ ပျံသန်းနေတဲ့ အရာဝတ္ထုနှစ်ခုနဲ့ တောက်ပတဲ့ မီးရောင်တို့ ပေါက်ကွဲနေတာကို ရုပ်သံသတင်းတွေမှာ မြင်တွေ့ခဲ့ရတာပါ။ ဒရုန်းတိုက်ခိုက်မှုလို့ စွပ်စွဲထားတဲ့ ဗီဒီယိုရဲ့ စစ်မှန်ကြောင်းကို ခိုင်လုံတဲ့ အထောက်အထား မတွေ့ရှိရသေးဘူးလို့ အမေရိကန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။
“ဖြစ်ပျက်ခဲ့တဲ့ အချက်အလက်တွေကို စုဆောင်းဖို့ ကြိုးစားနေတုန်းပဲ၊ သေချာပေါက် ပြောနိုင်တာကတော့ အမေရိကန်ဟာ ဒီဖြစ်ရပ်မှာ ဘယ်နည်းနဲ့မှ ပါဝင်ပတ်သက်ခြင်း မရှိပါဘူး” လို့ ပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကို့ဗ် ရဲ့ လိမ်ညာမုသား ပြောဆိုမှုကို ကန့်ကွက်ကြောင်းလည်း သူက ဆိုပါတယ်။
ကရင်မလင်နန်းတော်ကို တိုက်ခိုက်ရာမှာ ဒရုန်းနှစ်စင်း သုံးခဲ့ပေမယ့် အီလက်ထရွန်းနစ် ကာကွယ်ရေးစနစ်နဲ့ ပိတ်ထားခဲ့တယ်လို့ ရုရှားသမ္မတ နန်းတော်က ပြောပါတယ်။
ဒရုန်းပစ်ချခံရတဲ့အချိန်မှာ ပူတင်ဟာ ကရင်မလင်နန်းတော်ဆီ မရောက်သေးဘဲ မော်စကိုမြို့အပြင်ဘက်က သူ့ရဲ့ နိုဗို အိုဂါရီယိုဗို နေအိမ်မှာ အလုပ်လုပ်နေခဲ့တယ်လို့ ပြောပါတယ်။
နိုင်ငံခြားဧည့်သည်တွေ တက်ရောက်ဖို့ စီစဉ်ထားတဲ့ မေလ ၉ ရက် အောင်ပွဲနေ့အကြိုနေ့မှာ ဆောင်ရွက်ခဲ့တဲ့ဒီလုပ်ရပ်တွေကို အကြမ်းဖက်လုပ်ရပ်အဖြစ် ရုရှားဘက်က ပြောပါတယ်။ လက်တုံ့ပြန်တဲ့အစီအမံတွေက ဘယ်နေရာမှာပဲဖြစ်ဖြစ် သင့်လျော်တယ်လို့မြင်ပါတယ်လို့လည်း ဆိုပါတယ်။
ကရင်မလင်နန်းတော် ပိုင်နက်နယ်မြေမှာ ဒရုန်း အပိုင်းအစတွေ ပြန့်ကြဲနေခဲ့ပေမဲ့ ထိခိုက်သေဆုံးမှုနဲ့ ပစ္စည်းတွေ ထိခိုက်မှုမရှိဘူးလို့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သမ္မတရုံးက ထုတ်ပြန်တဲ့ ဗီဒီယိုမှာ မြင်ရတဲ့ အဆောက်အအုံတွေနဲ့ ဂြိုဟ်တုပုံရိပ်တို့ ကိုက်ညီနေပြီး မော်စကိုမြို့တော်က ရင်ပြင်နီအဖြစ် တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။