ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မိုင် ၅၀ ကျော်လောက်မှာရှိတဲ့ ကရင်ရွာလေးကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ မတ်လ ၂၆ ရက် မနက် အစောပိုင်း ၁ နာရီလောက်က လာရောက်ဗုံးကြဲချခဲ့လို့ ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ နေအိမ်တချို့ ပျက်စီးသွားပါတယ်။
ညသန်းခေါင်အချိန်လောက်မှာ တိုက်လေယာဉ် နှစ်စီး ရောက်လာပြီး အို့ကရစ်ခီးရွာကို ဗုံးသီးကြီး ၂ လုံးကြဲချရာမှာ တစ်လုံးက မပေါက်ကွဲဘဲရှိနေပြီး နောက်ထပ်တစ်လုံးကတော့ ပေါက်ကွဲသွားလို့ ရွာသားတွေရဲ့ နေအိမ်ဘေးကို ဗုံးဆန်တွေထိမှန်သွားပါတယ်။
အဆိုပါ ဗုံးကြဲမှုနဲ့ ပတ်သက်ပြီး KNLA တာဝန်ရှိသူက “ဗုံးပေါက်ကွဲတဲ့အတွက် မြေကြီးက ရေကန်လိုဖြစ်သွားတယ်။ နောက် နှစ်လုံးကတော့ တဝေါ်သောရွာ(ရွာသစ်) မှာ နှစ်လုံး စလုံးပေါက်ကွဲသွားပါတယ်။ စစ်ကောင်စီ တိုက်လေယာဉ်နဲ့ ညသန်းခေါင်ယံ လာရောက်ဗုံးကြဲတာဟာ မသင့်တော်ဘူးလို့ ခံစားရတယ်။ ပြည်သူကို လေယာဉ်နဲ့လာပစ်တာကတော့ မကောင်းဘူး”လို့ ပြောပါတယ်။
မတ်လ ၂၁ ရက် မော်ခီးစခန်းသိမ်းတိုက်ပွဲနောက်ပိုင်း မြဝတီမြို့တောင်ဘက်မှာရှီနေတဲ့ လက်နက်ကိုင်တွေကို နေပြည်တော်စစ်ကောင်စီညွှန်ကြားချက်နဲ့ အပြတ်ရှင်းလင်းဖို့ မတ်လ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ ရှင်းလင်းရေးလုပ်နေတာဖြစ်ပါတယ်။
မတ်လ ၂၅ ရက်ကလည်း လေးကေ့ကော်ဒေသ ဖလူးလေးရွာ အရှေ့ဘက် တမိုင်လောက်မှာ KNLA နဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ တပ်စခန်းတစ်ခုဖြစ်တဲ့ (စကခ ၈)လက်အောက်ခံ (ခလရ-၄၀၅) မောလိုကလိုးစခန်းကနေ ကရင်ပြည်သူတွေနေထိုင်တဲ့ ရွာထဲကို လက်နက်ကြီးနဲ့ပစ်ခဲ့တာကြောင့် ရွာသား ၄ ယောက် ထိခိုက်ဒဏ်ရာရသွားပါတယ်။
အဲဒီထိခိုက်ဒဏ်ရာ ရသွားတဲ့ သူတွေထဲမှာ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသား ၃ ယောက် ပါဝင်တယ်လို့ သိရပါတယ်။
ဧပြီ ၈ ရက်နေ့ ညနေ ၆ နာရီခွဲကျော်လောက်ကvလည်း ပေါ်ခေးခို အခြေစိုက် တပခ ခမရ-၂၀ တပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကရင်ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ယဲမူပလောအုပ်စု မေဖွဲထာကျေးရွာမှ အသက် ၆၀ အရွယ် စောကီဘူးကို ထိမှန်သေဆုံးခဲ့တယ်လို့ ကေအန်ယူပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။
အကြမ်းဖက်အာဏာသိမ်းစစ်တပ်က နယ်မြေကျော်လွန်မှုတွေလုပ်ခဲ့ပြီး ပြည်သူတွေ နေထိုင်တဲ့ရွာကို လက်နက်ကြီးနဲ့ ပစ်တာက အန်စီအေစာချုပ်ကိုချိုးဖောက်နေတာဖြစ်တယ်လို့ KNLA တပ်မဟာ (၅)တာဝန်ရှိသူက ပြောပါတယ်။