၇၂ နှစ်မြောက် ကရင်အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို ရှုတ်ချကန့်ကွက်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကုလသမဂ္ဂ အဆောက်အဦရှေ့မှာ ဩဂုတ် ၁၁ ရက် ညနေပိုင်းက ကျင်းပပါတယ်။
ဒီလှုပ်ရှားမှုမှာ ပြည်ပရောက် ကရင်အမျိုးသားများ (OKO) ဂျပန်အဖွဲ့က ဦးဆောင်ခဲ့ပြီး ဂျပန်နိုင်ငံရောက် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာ့အရေး အားပေးကူညီနေတဲ့ ဂျပန်လူမျိုးတွေ စုစုပေါင်း ၁၅၀ လောက် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားအသီးသီးရဲ့ သမိုင်းတွေ ရှိကြတာမို့ တိုင်းရင်းသားအချင်းချင်း သမိုင်းတွေသိရအောင်နဲ့ ကရင်တမျိုးသားလုံးအတွက် အသက်ပေး ကြိုးစားခဲ့တဲ့ ကရင်အာဇာနည်ခေါင်းဆောင် စောဘဦးကြီး အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရင်း တိုင်းပြည်အတွက် အသက်ပေးစွန့်လွှတ်ခဲ့ကြသူတွေကို ဦးညွှတ်ဂုဏ်ပြုချင်တာကြောင့် အခုလို ကျင်းပရတာလို့ ဦးဆောင်ကျင်းပရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ စောဖလုံက ပြောပါတယ်။
အခမ်းအနားမှာ အကြမ်းဖက်စစ်ကောင်စီကို ရှုတ်ချ ဆန့်ကျင်ကြောင်းနဲ့ ဖက်ဒရယ်ပြည်ထောင်စု အမြန်ပေါ်ရေးတို့ကို ဂျပန်-မြန်မာ နှစ်ဘာသာနဲ့ ကြွေးကြော်ခဲ့ကြပါတယ်။
လက်ရှိ နွေဦးတော်လှန်ရေးမှာ မိခင်အဖွဲ့အစည်းရဲ့ ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ အားသွန်ခွန်စိုက် ပူးပေါင်းပါဝင်မှာဖြစ်ပြီး တိုင်းရင်းသားအားလုံး ညီညွတ်စွာ အကြမ်းဖက်စစ်ကောင်စီကို ဖြုတ်ချနိုင်မှ တနိုင်ငံလုံး အားလုံးမျှော်မှန်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အမြန်ဆုံးရောက်နိုင်မယ်လို့လည်း စောဖလုံက တိုက်တွန်း ပြောပါတယ်။
သတင်း -ဓာတ်ပုံ ဇော်ဇော်လှိုင်
၇၁ နှစ်မြောက် ကရင်အာဇာနည်နေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားနဲ့ အာဏာသိမ်း စစ်အုပ်စုအား ရှုတ်ချကန့်ကွက်ပွဲကို တိုကျိုမြို့ရှိ ကုလသမဂ္ဂအဆောက်အအုံရှေ့မှာ ဩဂုတ်လ ၁၁ ရက်က ကျင်းပပါတယ်။
အခမ်းအနားကို ပြည်ပရောက်ကရင်အမျိုးသားများ (OKO) ဂျပန်အဖွဲ့က ဦးဆောင် ကျင်းပတာဖြစ်ပြီး ဂျပန်နိုင်ငံရောက် တိုင်းရင်းသားအဖွဲ့အစည်း ပေါင်းစုံ တက်ရောက်ခဲ့ကြပါတယ်။
OKO ဂျပန်အဖွဲ့က စောဖလုံက “ကရင်တမျိုးသားလုံးအတွက် အသက်ပေးကြိုးစားခဲ့ကြတဲ့ ကရင်အာဇာနည်ခေါင်းဆောင် စောဘဦးကြီးအပါအဝင် တိုင်းပြည်အတွက် အသက်ပေးစွန့်လွှတ်ခဲ့ကြသူတွေကို ဦးညွတ်ဂုဏ်ပြုချင်လို့၊ အစဉ်မမေ့လျော့ကြောင်းပြသချင်လို့ အခုလို ကျင်းပရတာပါ” လို့ပြောပါတယ်။
နွေဦးတော်လှန်ရေးမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ကြိုးစားရင်အားလုံးမျှော်မှန်းနေတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို အမြန်ဆုံးရောက်နိုင်ငံမယ်လို့လည်း စောဖလုံက ပြောပါတယ်။
လူငယ်တဦးဖြစ်တဲ့ စောဖိုးခွါးကတော့ နိုင်ငံနဲ့အများပြည်သူအတွက် အသက်ပေးစွန့်လှူသူများသာ အာဇာနည်အဖြစ် အသိအမှတ်ပြုကြမှာဖြစ်ပြီး လူတစုအတွက် အသက်ပေးနေကြတဲ့ အာဏာရှင်မြန်မာစစ်တပ်က အသက်ပေးသူများကတော့ အာဇာနည်အဖြစ် အသိအမှတ်ပြုခံရမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
တိုကျိုက ကရင့်အာဇာနည်နေ့ကို မြန့်အရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးများအပါအဝင် ဂျပန်ရောက် မြန်မာတိုင်းရင်းသား ၂၀၀ နီးပါး လာရောက်ခဲ့ကြပါတယ်။
သတင်း- ဓာတ်ပုံ- ဇော်ဇော်လှိုင်
သြဂုတ် ၁၂ ရက် ဒီကနေ့ကျရောက်တဲ့ ၇၁ နှစ်မြောက် ကရင်အာဇာနည်နေ့မှာ ရန်ကုန်မြို့က လူငယ်တွေက စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အနေနဲ့ လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြကြပါတယ်။
ကချင်၊ ကရင်အာဇာနည်အပေါင်းနဲ့ လူမျိုးပေါင်းစုံအာဇာနည်တွေကို ဂုဏ်ပြုကြောင်းပိုစတာတွေအပြင် “အစိုးရအဆက်ဆက်မှ တိုင်းရင်းသားပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ တရားမဲ့လုပ်ရပ်တွေအတွက် လူငယ်များမှတောင်းပန်ပါတယ်”လို့ ရေးသားထားတဲ့ ပိုစတာတွေကိုင်ဆောင် ဆန္ဒထုတ်ဖော်ပြတာဖြစ်ပါတယ်။
Photo- MPA