close

ကရိန်းယာဉ်မောင်း

close

July 9, 2022

ရွှေပြည်သာတွင် ကရိန်းယာဉ်မောင်းသူ ၁ ဦး ဓာတ်လိုက်သေဆုံး

ရန်ကုန်တိုင်း  ရွှေပြည်သာမြို့နယ်မှာ ဇူလိုင် ၈ ရက် မနက်ပိုင်းက ကရိန်းယာဉ်မောင်းသူ တယောက်  ဓာတ်လိုက်သေဆုံးပြီး သုံးယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမှတ် ၁၈ ရပ်ကွက် ဦးချစ်ဝန်မင်းကြီးလမ်းမှာ ကရိန်းကား နှစ်စီး နဲ့ ကုန်သေတ္တာတွေကို တင်ဆောင်နေချိန် ဓာတ်ကြိုးနဲ့ ထိခိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်း သေဆုံးကာ အလုပ်သမား သုံးယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “မနက်  ၁၁ နာရီလောက် ကွန်တိန်နာတွေကို ကရိန်းကား နှစ်စီးနဲ့ အတင်အချလုပ်နေတာ။ အဲဒီမှာ ကရိန်းကားမောင်းတံက  ဓာတ်ကြိုးကိုထိပြီး အလုပ်လုပ်နေတဲ့သူ လေးယောက် ဓာတ်လိုက်တော့တာပဲ။ ကရိန်းမောင်းတဲ့သူကတော့ အတော်အခြေနေဆိုးတာ တွေ့ရတယ်” လို့ ပြောပါတယ်။

ဓာတ်လိုက် ဒဏ်ရာရခဲ့တဲ့ အလုပ်သမား လေးယောက်ကို ရွှေပြည်သာမြို့နယ် လူမှုကူညီ ကယ်ဆယ်ရေး မော်တော်ယာဉ်တွေနဲ့ အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်ခဲ့တဲ့ အမျိုးသားက ပြောပါတယ်။ 

“ကရိန်းကားမောင်းတဲ့သူကတော့ ဆေးကုသ ပေးနေတုန်း ဆုံးသွားတယ်။ နောက်တယောက်ကလည်း စိုးရိမ်ရတယ်။ ကျန်နှစ်ယောက်ကတော့ အခြေအနေ ကောင်းတယ်” လို့ ပြောပါတယ်။

ရွှေပြည်သာမြို့နယ်မှာ ဇူလိုင် ၄ ရက်ကလည်း ဆောက်လက်စ အဆောက်အအုံရဲ့ အနောက်ဘက်ခြမ်း ပြိုကျခဲ့လို့  လုပ်ငန်းခွင်ထဲက အမျိုးသား ခြောက်ယောက်နဲ့ အမျိုးသမီးတယောာက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဓါတ်ပုံ ကူညီကယ်ဆယ်ရေးအဖွဲ့

1 min Ago
Up