close

ကလုံးထာရွာ

close

August 14, 2022

ရေဖြူမြို့နယ် ကလုံးထာရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်

တနင်္သာရီတိုင်း  ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလုံးထာရွာကို သြဂုတ် ၁၄ ရက် မနက် ၉ နာရီ လောက်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ ဝန်းကျင် ဝင်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ရွာသားတွေက ပြောပါတယ်။

ရွာသားတဦးက “တရွာလုံးပြေးနေ ရတယ်။ အခြေအနေ မကောင်းဘူး။ လက်နက်ကြီးသံတွေပါ ကြား ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကလုံးထာရွာကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက တကြိမ် နဲ့ အခုနှစ် ဇန်နဝါရီလမှာတကြိမ် ဝင်ရောက်ရှာဖွေခဲ့ဖူးပါတယ်။

ဇန်နဝါရီလ စစ်ကောင်စီတပ် ဝင်ရောက်ခဲ့စဉ်မှာ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူး‌ပေါင်းတပ် က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ သြဂုတ် ၁၂ ရက်မနက်ပိုင်းကစပြီး ထားဝယ်-ကလိန်အောင် ကားလမ်းပိုင်းမှာ အင်အား ၁၀၀၀ နီးပါး တပ်ဖြန့်ကာ ကလုံးထာရွာကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အခုတကြိမ်မှာတော့ ကလုံးထာရွာကို စစ်တပ် ဘာကြောင့် ဝင်ရောက်ရှာဖွေတယ်ဆိုတာကိုတော့ မသိရ သေးပါဘူး။

ကလုံးထာရွာဟာ NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်မှာ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း CBT အဖြစ် ဖွင့်လှစ်ခဲ့တဲ့ ရွာဖြစ်ပြီး ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ်၊ ခမောင်းသွယ်တိုက်နယ်တို့နဲ့ ဆက်စပ်နေပါတယ်။

5 days Ago

October 12, 2019

ထားဝယ်ခရိုင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ကလုံးထာရွာကို အစမ်းလွှတ်မည်

ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း ဒေသအခြေပြုခရီးသွားလုပ်ငန်း (CBT) ဆောင်ရွက်နေတဲ့ ကလုံးထာကျေးရွာကို ဧည့်သည်များအား နေ့ချင်းပြန်ခရီး အစမ်းလွှတ်သွားမယ်လို့ တနင်္သာရီတိုင်းအစိုးရအဖွဲ့၊ သယံဇာတနှင့် ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီး ဦးလှထွေးက ပြောပါတယ်။ အောက်တိုဘာ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ နိုင်ငံခြားသားတွေကို အရင်သွားရောက်ခွင့်ပြုပြီးနောက် ပြည်တွင်း ခရီးသွားတွေကို အစမ်းစေလွှတ်မှာလည်း ဖြစ်ပါတယ်။ “ဖွင့်ပွဲတွေ ဘာတွေ မလုပ်သေးဘူး၊ စမ်းဦးမယ်၊ အစမ်းသွားတဲ့အပေါ်မှာ ဘယ်လောက် အောင်မြင်လဲ၊ ကျနော်တို့က ပံ့ပိုးပေးနိုင်မလဲ၊ ပံ့ပိုးပေးရမလဲဆိုတာကို သုံးသပ်မယ်။” ကလုံးထာရွာမှာ သဘာ၀အတိုင်း တည်ရှိတဲ့ ကလုံးထာချောင်း၊ တောင်ပတ်လမ်းလျှောက်တာ၊ ရေပူတွင်းနဲ့ ဒေသေခံတွေ လုပ်ကိုင်နေတဲ့ ဥယျာဉ်ခြံစိုက်ပျိုးရေး လုပ်ငန်း၊ အုန်းမှုတ်ခွက် ပြုလုပ်တဲ့ လုပ်ငန်းတို့ကို လေ့လာခွင့်ရမယ်လို့ သိရပါတယ်။ ဒါ့အပြင် ရေပူတွင်းနေရာမှာ ဧည့်သည်တွေ နားခိုနိုင်ဖို့ ဝါးနဲ့ အဆောက်အဦတလုံး ဆောက်လုပ်နေပြီး ကလုံးထာချောင်း ဆင်းလမ်းမှာလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ပြုလုပ်နေတယ်လို့ ကလုံးထာရွာမှ ဒေသအခြေပြုခရီးသွားလုပ်ငန်း ဦးဆောင်သူတဦးဖြစ်တဲ့ ဦးကြီးမြင့်က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး ကလုံးထာကျေးရွာမှာ NGO အဖွဲ့အစည်းတခုရဲ့ နည်းပညာပံ့ပိုးကူညီမှုနဲ့ ဒေသအခြေပြု ခရီးသွားလုပ်ငန်းကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒေသအခြေပြု ခရီးသွားလုပ်ငန်းကြောင့် ဒေသခံတွေဟာ ဖွဲ့စည်းထားတဲ့ ကော်မတီမှ ရရှိတဲ့ငွေကို ရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်တာ၊ ခရီးသွားလုပ်ငန်းမှာ ပါ၀င်ဆောင်ရွက်သူတွေ၊ ရွာဧည့်လမ်းညွှန်တွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိတာနဲ့ အသက်မွေး၀မ်းကျောင်းလုပ်ငန်းတွေကို ပိုမိုထိန်းသိမ်းလိုစိတ် ရှိလာမယ်လို့ သိရပါတယ်။ ကလုံးထာရွာမှာ အိမ်ခြေ ၁၈၂ အိမ်လူဦးရေ ၁၀၀၀ ကျော်လောက် ရှိပါတယ်။ ဒေသခံတွေဟာ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး တပိုင်တနိုင် သတ္တုတူးဖော်ခြင်း လုပ်ငန်းနဲ့ ရာသီအလိုက် သစ်တောထွက်ပစ္စည်းရှာဖွေကာ အသက်မွေး၀မ်းကျောင်းပြုနေတဲ့ ကျေးရွာ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း (CBT) ကို ထား၀ယ်ခရိုင် လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ စတင်အကောင်အထည်ဖော် လုပ်ကိုင်ခဲ့ပြီး အခု ကလုံးထာရွာကတော့ ဒုတိယမြောက် ဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရ အစီအစဉ်နဲ့ မြိတ်ခရိုင်၊ ဒုံးညောင်မှိုင်းရွာနဲ့ ကော့သောင်းခရိုင်၊ မကြုံကလက်ရွာတို့မှာ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်ဖို့ ရည်ရွယ်ထားပေမယ့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ထား၀ယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားဇုန်းစီမံကိန်း စပျိုးဆောင်ရွက်စဉ် စီမံကိန်းအတွက် လိုအပ်တဲ့ရေကို ရေကာတာ တည်ဆောက်ပြီး ကလုံးထာချောင်းကနေ ယူဖို့ စီစဉ်ခဲ့တာကိုလည်း ကလုံးထာရွာ ဒေသခံတွေက ကန့်ကွက်ခဲ့ပါတယ်။ တင့်လွင်
3 years Ago
Up