ကလောမြို့ကို အခြေပြုပြီး မြင်းတိုက်နဲ့ ဟဲဟိုးကြား ကျောက်မီးသွေးခေါင်းတွဲနဲ့ မီးရထားခရီးစဉ် ပြေးဆွဲဖို့နဲ့ ပြင်ဦးလွင်ကို အခြေပြုပြီး ဇီးပင်ကြီးနဲ့ နောင်ချိုကြား အပန်းဖြေ ခရီးစဉ်တွေ ပြေးဆွဲဖို့ စီစဉ်နေကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၃ ရက်မွန်းလွဲပိုင်းက ကလောမြို့နဲ့ အောင်ပန်းမြို့ရှိဒေသခံ မြို့မိမြို့ဖတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေကို ကလောမြို့ရှိ စစ်ဦးစီး တက္ကသိုလ် ဧည့်ခန်းမဆောင်မှာ တွေ့ဆုံဆွေးနွေးရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်တာပါ။
ကလောမြို့ဟာ မြန်မာနိုင်ငံရဲ့ တောင်ပေါ်အပန်းဖြေမြို့တစ်မြို့ဖြစ်ပြီး ပူတာအို၊ ပြင်ဦးလွင်၊ ဟားခါး၊ သံတောင်ကြီး၊ ကလော စတဲ့မြို့တွေကို တောင်ပေါ် အပန်းဖြေမြို့တော်များဖြစ်စေရေး လုပ်ဆောင်နေကြောင်း၊ ကလောမြို့အား အပန်းဖြေမြို့အဖြစ် ဆောင်ရွက်ရာမှာ ပတ်ဝန်းကျင်သာယာလှပရေး ဒေသခံ ပြည်သူတွေက ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါ့အပြင် ကလောမြို့သို့ လာရောက်ရာ လမ်းကြောင်းတစ်လျှောက်မှာ ထင်းရှူး၊ ခါတော်မီ၊ စိန်ပန်း၊ ချယ်ရီ စတဲ့မျက်စိပသာဒဖြစ်စေနိုင်တဲ့ အပင်တွေအလှဆင်စိုက်ပျိုးထားကြဖို့၊ လမ်းတွေကိုလည်း အဆင့်မြှင့်တင်ဖို့၊ မြို့သာယာလှပရေးအတွက် သက်ဆိုင်ရာဌာနတွေက ဆောင်ရွက်နေသလို မြို့နေ ပြည်သူလူထုကလည်း ဆောင်ရွက်ကြဖို့တိုက်တွန်းပြောသွားပါတယ်။
ကလောမြို့ကို ခရီးသွားမြို့တော်အဖြစ် လုပ်ဆောင်ကြဖို့နဲ့ ဒေသတွင်းထုတ်ကုန်ပစ္စည်းတွေ အဆင့်မီပြီး အရည်အသွေးပြည့်ဝတဲ့ Quality Product တွေဖြစ်အောင် ဆောင်ရွက်ကြစေလိုတယ်လို့ လည်း စစ်ခေါင်းဆောင်က ပြောသွားပါတယ်။
Photo-DSINFO
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ပူးပေါင်းပြီး အောင်ပန်းအထူးကာကွယ်ရေးတပ်(ADSF)တပ်ကို လာရောက်တိုက်ခိုက်စဉ် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၂ ဦးသေဆုံး ၃ ဦး ဒဏ်ရာရရှိသွားပါတယ်။
စက်တင်ဘာလ ၁၈ ရက်မနက်က ပင်းတယ-အောင်ပန်းသွား ကားလမ်းဘေး နောင်ရဲရွာနဲ့ ဥမင်ရွာ အနီး စခန်းချထားတဲ့ အောင်ပန်းအထူးကာကွယ်ရေးတပ်ကို ဝင်တိုက်ခဲ့တာဖြစ်ပြီး နောင်ရဲရွာ ဥမင်ရွာသား ၃ ဦးကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
"ADSF အောင်ပန်းအထူးကာကွယ်ရေးတပ်က သူတို့လာမယ်ဆိုတာသိလို့ စောင့်တိုက်တာ စစ်တပ်နဲ့ PNOက လက်နက်ကြီးတွေ သုံးလာတော့ နောက်ဆုတ်ပေးလိုက်တယ်။ ကျဆုံးမှုတော့ မရှိဘူး။ တပ်စခန်းကိုတော့ ဆုတ်ခွာပေးလိုက်ရတယ်"လို့ ပြောပါတယ်။
အောင်ပန်းအထူးကာကွယ်ရေးတပ်ကို စက်တင်ဘာလ ၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ဖို့ NUG အစိုးရနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။