လီဗာပူးအသင်းနည်းပြ ယာဂန်ကလော့ပ်ဟာ ဘရိုက်တန်ကွင်းလယ်လူ အယ်လစ္စတာနဲ့ အပြောင်း အရွှေ့ကိစ္စမေးမြန်းမှုအပေါ် ငြင်းဆန်သွားခြင်းမရှိခဲ့ပါဘူး။
ဘရန့်ဖို့ဒ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ အယ်လစ္စတာနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက နည်းပြကလော့ပ်ကိုမေးမြန်းခဲ့တာပါ။
ကလော့ပ်ဘက်ကတော့ အပြောင်းအရွှေ့အမှန်တကယ်ဖြစ်လာပြီးဆိုရင် ပထမဆုံးသိရမှာက သတင်းထောက်တွေဖြစ်ကြောင်းနဲ့ အဲဒီမတိုင်ခင်မှာတော့ တစ်စုံတစ်ရာ ပြောပြနိုင်စွမ်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့တာပါ။
ကွင်းလယ်လူ ဂျိမ်းမီလ်နာနဲ့ ပတ်သက်ပြီး ဖြေကြားရာမှာတော့ မီလ်နာဟာ အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အတူတကွဆက်ပြီးလက်တွဲသွားချင်ပေမဲ့ ကစားသမားရဲ့ ဆုံးဖြတ်ချက်က အဓိကျကြောင်း ကလော့ပ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၇နှစ်ခွဲကာလအတွင်းက အောင်မြင်မှုတွေဟာ မီလ်နာမပါဘဲနဲ့ ရယူနိုင်မှာမဟုတ်ကြောင်း ကလော့ပ်က ချီးကျူးစကားဆိုသွားခဲ့ပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာ၊ လီဗာပူးနည်းပြ ကလော့ပ်တို့လိုပဲ ကောင်းမွန်တဲ့နည်းပြ ဖြစ်တယ်လို့ လိဒ်နည်းပြသစ် ဆမ်အလာဒိုက်စ်က ပြောသွားပါတယ်။
အင်္ဂလန်နည်းပြဟာ ရလဒ်ဆိုးရွားမှုကြောင့် ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဂါစီယာရဲ့နေရာကို အစားထိုးတာဝန်ယူခဲ့ပြီး လိဒ်ယူနိုက်တက်ကို တန်းမဆင်းဖို့အရေး ကြိုးပမ်းသွားရမှာပါ။
သူ့အသက်က ၆၈ နှစ်ရှိပြီဖြစ်လို့ နည်းစနစ်၊ နည်းဗျူဟာတွေဟာ အိုဟောင်းလွန်းနေပြီဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့တာပါ။
နည်းပြ ဆမ်အလာဒိုက်စ်ကတော့ အဲဒီလို ဝေဖန်သူတွေကို ဂွါဒီယိုလာ၊ ကလော့ပ်တို့လောက် ကောင်းမွန်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့တာပါ။
“လူတော်တော်များများက ကျနော့်ကို အိုမင်းနေပြီဖြစ်လို့ ဒိတ်အောက်နေပြီလို့ ထင်နေကြတယ်။ ဒါက အမှန်တရားနဲ့ အတော်လေး ဝေးကွာလွန်းနေတယ်။ ကျနော်က အသက် ၆၈ နှစ်ရှိလို့ အိုမင်းနေတာမှန်ပေမဲ့ ဘောလုံးနဲ့ပတ်သက်လာရင် ကျနော့်ရဲ့အထက်မှာ ဘယ်သူမှမရှိပါဘူး။ ကျနော့်အထက်မှာ ပတ်ဂွါဒီယိုလာလည်း မရှိဘူး၊ ကလော့ပ်လည်း မရှိဘူး၊ အာတေတာလည်း မရှိဘူး။ ဘောလုံးအသိပညာမှာတော့ သူတို့အားလုံးနဲ့ ကျနော် အတူတူပါပဲ။ သူတို့ထက် ပိုကောင်းတယ်လို့ ကျနော် မပြောလိုပါဘူး။ ဒါပေမဲ့ သူတို့လောက်ကောင်းတယ် ဆိုတာတော့ သေချာတယ်” လို့ နည်းပြ ဆမ်အလာဒိုက်စ်က ပြောပါတယ်။
ဒိုက်စ်ဟာ သူ့ရဲ့ နည်းပြအဖွဲ့မှာ လိဒ်နဲ့ အိုင်ယာလန်တိုက်စစ်မှူးဟောင်း ရော်ဘီကိန်းကို ခေါ်ယူမယ်လို့လည်း အတည်ပြုခဲ့ပါတယ်။