အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းမှာ ရေကြီးလို့ အိမ်တွေမျောပါသွားတဲ့အတွက် ကလေးငယ် ၈ ယောက်ထက်မနည်း သေဆုံးပြီး နောက်ထပ် တခြားကလေးတွေ ပျောက်ဆုံးနေတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က ပြောလိုက်ပါတယ်။
အာဖဂန် အရှေ့ပိုင်းက ရေဘေးသင့်အိမ်တွေ၊ မွေးမြူရေးတိရစ္ဆာန်တွေနဲ့ ကောက်ပဲသီးနှံတွေ ဆုံးရှုံးခဲ့တဲ့ ထောင်ချီတဲ့လူတွေကို ကူညီထောက်ပံ့ဖို့ တုံ့ပြန်ရေးအဖွဲ့တွေကို ကုလသမဂ္ဂက စေလွှတ်ခဲ့ပါတယ်။
နိုင်ငံအတွင်း အရင်သီတင်းပတ်ကတည်းက ဆိုးဆိုးရွားရွား ရုတ်တရက် ရေကြီးခဲ့တာပါ။ “ကလေးသေဆုံးသူ အရေအတွက်ပိုတိုးလာနိုင်တယ်။ ကလေးတွေ ပျောက်နေသလို ဒဏ်ရာရခဲ့တယ်” ယူနီဆက်ဖ်ရဲ့ အာဖဂန်နစ္စတန် နိုင်ငံဆိုင်ရာပြောခွင့်ရ ဆာမန်သာ မော့တ်က ပြောပါတယ်။
ရေဘေးကြောင့် လူအယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး နိုင်ငံတကာ လူ့အဖွဲ့အစည်းက ကူညီကြဖို့ တာလီဘန်အစိုးရက မေတ္တာရပ်ခံထားပါတယ်။