close

ကလေးငယ် သေဆုံး

close

April 10, 2022

ပူတာအိုတွင် အဆိပ်ရှိမှိုစားမိသဖြင့် ၇ နှစ်ကလေးငယ်သေဆုံး၊ တပတ်အတွင်း သေဆုံးသူ ၃ ဦး ရှိလာ

ကချင်ပြည်နယ် ပူတာအိုမြို့ ဆာရ်ခွမ်ဒမ်းကျေးရွာမှာ ဧပြီ ၉ ရက် ညနေပိုင်းက မှိုချက်စားရာမှ သားအမိ ၃ ဦးအဆိပ်သင့်ခဲ့ပြီး ၇ နှစ်အရွယ်သမီး ဒီနေ့မနက် သေဆုံးသွားတယ်လို့ ကျေးရွာဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဆာရ်ခွမ်ဒမ်း (အ.လ.က) ကျောင်းခွဲမှာ တာ၀န်ထမ်းဆောင်နေတဲ့ ဆရာမ ဒေါ်ခင်ဌေးကြွယ် တို့သားအမိ ၃ ယောက်လုံး အဆိပ်မှိုစားမိပြီး အရေးပေါ် ဆေးရုံတင်ခဲ့တာ။ သားနဲ့သမီးမှာ အောက်ဆီဂျင်ရှူထားရပြီး သမီးလေးက ဒီနေ့ မနက်ပိုင်းမှာ ဆုံးသွားတယ်။ ကလေးနှစ်ယောက်က မိုကို ဆာရ်ခွမ်ဒမ်းကျောင်းဝင်းနားက ခူးပြီး စာချင်တယ်ဆိုလို့ သူ့အမေက ချက်ပေးခဲ့တာ ဟုတ်တယ်။ မှိုအဆိပ် ရှိ၊ မရှိ စားလို့မရတာ သူ့အမေကလည်း မသိဘူး။”

မှိုအဆိပ်သင့်မှုကြောင့် ဆရာမ ဒေါ်ခင်ဌေးကြွယ်ဟာ အော့အန်တာလောက်ပဲ ဖြစ်ပြီး သားဖြစ်သူကတော့ အောက်ဆီဂျင်ဆက်ပေးထားရတယ်လို့ ဆိုပါတယ်။

ဆရာမရဲ့ ခင်ပွန်းဖြစ်သူကတော့ မစားမိတာကြောင့် ဘာမှမဖြစ်ခဲ့ဘဲ အိမ်မှာမွေးထားတဲ့ ခွေးကိုလည်း‌ ကျွေးခဲ့မိပြီး သွေးအန်တယ်လို့ ဒေသခံက ပြောပါတယ်။ 

ပူတာအိုမြို့မှာ ဒီတပတ်အတွင်း အချိန်အခါမဟုတ် ပေါက်တဲ့မှိုတွေ စားရာကနေ အဆိပ်သင့် သေဆုံးတာ အခုကလေးငယ်အပါအဝင် ကလေး ၂ ဦးနဲ့ လူကြီး ၁ ဦး စုစုပေါင်း ၃ ဦးရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပူတာအိုမြို့ရှိ တာ၀န်ရှိသူတဦးက “ဒီကြားထဲ ပေါက်တဲ့မှို ၅ လထိက မစားတာအကောင်းဆုံးပဲ။ မိဘတွေလည်း မိမိကလေးများကို သတိထားဂရုစိုက်ဖို့” တိုက်တွန်းထားပါတယ်။

12 hours Ago

October 10, 2020

ညောင်တုန်း ဂတ်စ်ပိုက်လိုင်း မီးလောင်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် သေဆုံး

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကုန်း ကျေးရွာမှာ အောက်တိုဘာလ ၉ ရက်နေ့ မနက်အစောပိုင်းက ဓာတ်ငွေ့ပိုက်လိုင်းမီးလောင်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် အောက်တိုဘာလ ၉ ရက်နေ့ မွန်လွဲပိုင်းမှာ အသက်သေဆုံးခဲ့တဲ့ ကလေးဟာ ညောင်တုန်းဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ကလေးဖြစ်တယ်လို့ ညောင်တုန်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူက DVB ကို ပြောပါတယ်။ "ကလေးက စိုးရိမ်ရတဲ့အထဲမှာ မပါတော့ ညောင်တုန်းဆေးရုံမှာ ကုသပေးနေတာ၊ စိုးရိမ်ဒဏ်ရာရရှိတဲ့ ၃ ဦးကိုတော့ မအူပင်ဆေးရုံမှာ ကုသပေးနေပါတယ်။ နေ့လယ်ပိုင်းက အခြေအနေသိပ်မကောင်းလို့ မအူပင်ဆေးရုံကို လွှဲပြောင်းဖို့ပြုလုပ်တာတွေရှိတယ်လို့တော့ သိရပါတယ်" လို့ ပြောပါတယ်။ ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပြီး မီးလောင်မှုကြောင့် သေဆုံး ကလေးအပါအဝင် ၁၀ ဦး ဒဏ်ရာရရှိပြီး နေအိမ်ဆုံးရှုံးခဲ့တဲ့ မီးဘေးသင့်ပြည်သူတွေကို လူ ၁ ယောက် ၅ သောင်းနှုန်းနဲ့ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးမှူး ဦးကျော်ကျော်၀င်းစံက DVB ကို ပြောပါတယ်။ "မနက်ပိုင်းက ဆေးရုံကို လွှတ်တော်ကိုယ်စားလှယ်တွေ အုပ်ချုပ်ရေးတာ၀န်ရှိသူတွေနဲ့ အတူ သွားရောက်ပြီး ဌာနအနေနဲ့ ၁ ယောက်ကို ၅ သောင်းထောက်ပံ့ပေးထားပါတယ်၊ ကလေး ဆုံးတာတော့ ညနေပိုင်းသိရလို့ နောက်နေ့မှ ထောက်ပံ့ပေးနိုင်တော့မယ်။" ဓာတ်ငွေ့ပိုက်လိုင်းပေါက်ပြီး မီးလောင်မှုကြောင့် သေဆုံးခဲ့တဲ့ အသက် ၃ နှစ်အရွယ် ကလေးအတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနအနေနဲ့ လူ ၁ ဦး ဘေးအန္တရာယ်ကြောင့် သေဆုံး လျှင် ၃ သိန်းနှုန်းထောက်ပံ့ပေးအပ်တဲ့အတိုင်း ထောက်ပံ့သွားမှာဖြစ်ပြီး မီးလောင်ဆုံးရှုံးခဲ့တဲ့ နေအိမ်တွေအတွက် အိမ်ဆောက်ပစ္စည်းနဲ့ ၁ ပတ်စာ စားနပ်ရိက္ခာတွေကိုတော့ ရွာကို သွား ရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဓာတ်ငွေ့ပိုက်လိုင်းဟာ အမှတ် ၂ ရေနံနဲ့ သဘာ၀ ဓါတ်ငွေ့စက်ရုံကနေ ညောင်တုန်း-ကန်ကြီးထောင့် သွယ်တန်းထားတဲ့ ပိုက်လိုင်းဖြစ်တယ်လို့ ဌာနဆိုင်ရာမှတ်တမ်းတွေအရ သိရပါတယ်။ မင်းထက်မုန်း(ပုသိမ်)  
2 years Ago
Up