close

ကလေးစစ်သား

close

March 19, 2022

ကလေးစစ်သား ၁၀၀၀ ကျော် စစ်မှုထမ်းခဲ့ကြောင်း စစ်ကောင်စီဝန်ခံ

စစ်တပ်ထဲမှာ ကလေးစစ်သားပေါင်း ၁၀၀၀ ကျော် စစ်မှုထမ်းခဲ့တယ်လို့  စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဝန်ခံပြောကြားလိုက်တယ်။ 

မတ်လ ၁၈ ရက်က နေပြည်တော်မှာကျင်းပတဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တာဖြစ်ဆိုပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လမှ ယနေ့အချိန်အထိ တပ်မတော်မှ အရွယ်မရောက်မီ မှားယွင်းစုဆောင်းခဲ့တဲ့ အသက်မပြည့် စစ်သည် ၁၀၂၉ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုပြီး မိဘရပ်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း၊ နောက်ထပ် အသက်မပြည့်သေးတဲ့ စစ်သည် ၂၈ ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

အရွယ်မရောက်သေးတဲ့  ကလေးသူငယ်တွေနဲ့ ဆန္ဒမပါသူတွေကို မှားယွင်း စုဆောင်းခဲ့တဲ့ တာဝန်ရှိသူအရာရှိ ၊ စစ်သည်တွေကို အရေးယူ ဆောင်ရွက်ခဲ့တယ်လို့  စစ်ကောင်စီ ဝန်ကြီးက ပြောပါတယ်။

စစ်ကောင်စီဝန်ကြီးက ကလေးစစ်သားတွေကို မှားယွင်းစုဆောင်းမိတာလို့ ပြောပေမဲ့ တကယ်တမ်း မြေပြင်အခြေအနေကတော့ တပ်ထဲကို ဝင်ရောက်လိုသူရှားပါးတဲ့အတွက် တပ်သားသစ်စုဆောင်းသူ တွေဟာ  အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားပြီး စုဆောင်းနေကြတာလည်း ဖြစ်ပါတယ်။

မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (CTFMR) တို့အကြား “အရွယ်မရောက်သေးသူ ကလေးသူငယ်များ အား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးလုပ်ငန်းစီမံချက်”ကို ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်မှာ လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ဇွန် ၁၅ ရက်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ၂၀၁၉ ခုနှစ်အတွက် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာရဲ့ နောက်ဆက်တွဲပါ ကလေးစစ်သည်စုဆောင်းမှုနှင့် အသုံးပြုမှုစာရင်းကနေ မြန်မာ့တပ်မတော်ကို ပယ်ဖျက်ခဲ့ပြီး အပြီးသတ်ပယ်ဖျက်နိုင်ရေး စောင့်ကြည့်ကာလတစ်နှစ် သတ်မှတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဇွန် ၂၁ ရက်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ  မှာတော့ မြန်မာကို ကလေးစစ်သားအသုံးပြုနဲ့ နိုင်ငံစာရင်းမှာ ပြန်လည်စာရင်းသွင်းခဲ့ပါတယ်။ 

Photo-MOI

13 mins Ago

November 21, 2021

ကမ္ဘာ့ကလေးများနေ့နဲ့ ကလေးစစ်သား

တခါတော့ ဦးသန်းရွှေကို သူ့အောက်ကလူတွေက ကလေးစစ်သား စုဆောင်းမှုနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ များနေပြီ၊ တခုခု ဖြေရှင်းသင့်တယ်လို့ တင်ပြတဲ့အခါ ‘ဂရုစိုက်မနေနဲ့၊ တပ်ထဲနေရင်း အချိန်တန် သူ့အလိုလို ကြီးသွားကြမှာပဲ’ လို့ ပြန်ပြောတာ ဗိုလ်မှူးအောင်လင်းထွဋ် ရေးတဲ့ ဆောင်းပါးမှာ ဖတ်ဖူးတယ်။ အခု အဲဒီစစ်သားလေးတွေဟာ ကောင်းကောင်းမွန်မွန် အရွယ်ရောက်လာကြပါရဲ့လား။ 

၂၀၀၅ လောက်က သူငယ်ချင်းတယောက်နဲ့ ရန်ကုန်ဘူတာကြီးထဲ ရောက်တယ်။ ကလေးစစ်သား ၂၀၀ ကျော်ကို တနေရာပို့ဖို့ လုံခြုံရေး အသေချာယူပြီး ရထားစောင့်နေကြတာ တွေ့ရတယ်။ အထုပ်လေးတွေ ကိုယ်စီနဲ့ တန်းစီ ငုတ်တုတ်ထိုင်ခိုင်းထားတဲ့ ကလေးစစ်သားတွေဟာ စက်ရုပ်တွေလို၊ မျက်နှာကိုယ်စီမှာ မာကျောမှု စိုးရိမ်မှု ကြောက်ရွံ့မှု မရေရာမှုတွေ ဖော်ပြနေတယ်။ မြင်ကွင်းကို ထိတ်လန့်ပြီး သူငယ်ချင်းနှစ်ယောက် အတော်ကြာအောင် စကားမပြောနိုင်ဘူး၊ ဒီကလေးတွေ ဘာများအလုပ်ခံရမလဲ၊ ဘာတွေဖြစ်ကုန်မလဲ… ။

၁၉၈၀ ပြည့်နှစ်တွေမှာတော့ မိဘအိမ်က ထွက်ပြေးရင် စစ်ထဲ ဝင်ကြတာတွေ ရှိတယ်။ ၁၉၉၀ နဲ့ ၂၀၀၀ ပြည့်နှစ်တွေမှာတော့ မိဘမဲ့ကလေးတွေ အိမ်ပြေးလေးတွေ ပါးနပ်လာတယ်။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေနဲ့ လုပ်ငန်းခွင်တွေဆီမှာ ခိုကြတယ်။ ဒီတော့ မြို့နယ် စစ်သားစုဆောင်းရေးတွေက ကားဂိတ်၊ ဘူတာ၊ ဆိပ်ကမ်းတို့မှာ ယောင်ချာချာဖြစ်နေတဲ့ ကလေးတွေကို လက်ဦးမှုယူ လိုက်ဖမ်းခိုင်းတယ်။ ဖမ်းပေးသူတွေကို ဆန်တစ်အိတ်၊ ငွေတစ်သိန်း စသည် ချီးမြှင့်တယ်။ ဒီကတည်းက ကလေးဖမ်းဈေးကွက်က တစစကြီးလာတာ။

အခုတော့ အဲဒီကလေးစစ်သားတွေ အရွယ်ရောက်လာပြီး မဟုတ်တာ ဘာမဆိုလုပ်ရဲတဲ့ လက်ရဲဇက်ရဲတွေ ဖြစ်နေတာ အားလုံးမြင်ရတဲ့အတိုင်းပါ။ အမိန့်ပေးခိုင်းစေသူ ဂိုဏ်းခေါင်းဆောင်တွေအတွက် ပြည်သူ့အသက် ဘယ်လောက် သတ်ပေးရမလဲ၊ လုယက်ရမလား မုဒိမ်းကျင့်ရမလား၊ ဘယ်ဈေး ဘယ်မြို့ မီးရှို့ချင်သလဲ ပြော။ အဲဒီ စိတ်ဒဏ်ရာပေါင်းစုံနဲ့ မူမမှန်ရှာတဲ့ စစ်သားတွေကို အပေါ်က အာဏာရူး ဥစ္စာရူးတို့က ကောင်းကောင်း အသုံးချနေတော့တယ်။ 

ဒီနှစ်ထဲ ကျနော်တို့နိုင်ငံရဲ့ ပညာတတ်လူငယ်တွေဟာ သူတို့အတတ်ပညာ အသက်မွေးလုပ်ငန်း ဖြောင့်ဖြောင့် မလုပ်နိုင်ကြတော့ပါဘူး၊ ပါရမီဇနဲ့ အနာဂတ်အများကြီးရှိတဲ့ Gen-Z တွေဟာ သူတို့အိပ်မက်တွေဖျက်၊ အဲဒီစိတ္တဇစစ်သားတွေနဲ့ တိုက်ပွဲဝင်နေကြရတယ်။ အသက်တွေပေးရ၊ မိသားစုတွေ ကွဲကွာ၊ အစားမထိုးနိုင်တဲ့ ဆုံးရှုံးမှုတွေ။ တိုင်းပြည်စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စိတ္တဇစစ်မိစ္ဆာတို့ကြောင့် မွမွကြေ..။

အဲတော့ ရပ်ထဲ ရွာထဲ မြို့ထဲ မိဘမဲ့ကလေးတွေ လေလွင့်ကလေးတွေ တွေ့ရင် ပစ်မထားသင့် ဖယ်ကြဉ်မထားသင့်တာပါ။ သူတို့ကို  ကလေးဖမ်းဂိုဏ်းတွေက ရောင်းကုန်ပစ္စည်း လုပ်သွားမယ်၊ အတွေးအခေါ် မှားယွင်းနေတဲ့ အဖွဲ့အစည်းတွေက အသုံးချသွားမယ်၊ ဒီနောက် သူတို့ လူ့အဖွဲ့အစည်းကို  အဆုံးစွန်ဖျက်ဆီးသူတွေ ဖြစ်လာမယ်။ နောက်ဆုံး သူတို့နဲ့ အသက်မကွာလှတဲ့ ကျနော်တို့သားသမီးတွေ တာဝန်သိလူငယ်တွေက သူတို့ရှေ့ဘဝခရီး ကောင်းစွာမဆက်ရဘဲ အဲဒီစစ်မိစ္ဆာတွေ ရဲမိစ္ဆာတွေအတွက် အလုပ်ရှုပ်ကြရဦးမယ်၊ အသက်တွေ ပေးကြရဦးမယ်။ လူ့အဖွဲ့အစည်းလည်း  ရှေ့မရွေ့နိုင်ဘဲ  နှောင့်နှေးကြန့်ကြာရဦးမယ်။

ဒါပေမဲ့ လေလွင့်ကလေးတွေ ထိန်းသိမ်းစောင့်ရှောက်ပါလို့ဆိုတာ အပြောလွယ်သလောက် လက်တွေ့မှာ မလွယ်ပါဘူး။ လေလွင့်ကလေးတွေ မူမှန်စိတ်နဲ့ လူလားမြောက်စေဖို့  လူအများနဲ့ ကောင်းမွန်စွာနေထိုင်ဖို့ ထိန်းသိမ်းပညာပေးနိုင်တဲ့ အင်စတီကျူးရှင်းတွေ နိုင်ငံမှာ မရှိဘူး။ မိဘမဲ့ဂေဟာအများစုရှိတဲ့ ကလေးတွေအခြေအနေက ထိတ်လန့်ဖွယ်ရာပါ။ အဲဒီကလေးတွေ စာသင်ကျောင်းထားရင်လည်း ခွဲခြားဆက်ဆံခံရဖို့ ရှိနေတယ်။ ဘုန်းကြီးကျောင်းပို့ရင်လည်း ကောင်းမွန်တဲ့ ဘုန်းတော်ကြီးနဲ့ တွေ့ဖို့ ရှားလာတယ်။ ဓမ္မာရုံ ဆောက်ချင်၊ မာစီးဒီးစီးချင် အာဏာာပိုင်နဲ့ ပေါင်းချင်တဲ့ ဘုန်းကြီးအောက် ရောက်မယ်။ ဘုန်းကြီးဖြစ်လာဦးတော့၊ အဲဒီလို ဘုန်းကြီးတွေပဲ ဖြစ်လာမယ်။ 

မိတ္ထီလာနယ်တဝိုက်က ဆရာတော်ကြီးတပါးဟာ သူ့ဘုန်းကြီးကျောင်းသားတွေကို အရိုက်ကြမ်းပြီး စစ်ဗိုလ်ဖြစ်အောင် လုပ်ခိုင်းခဲ့တယ်။ ဦးအောင်သောင်းနဲ့ ဗိုလ်မှူးချုပ်ပြည့်စုံနဲ့ ဗိုလ်ချုပ် သုံး လေး ငါးဦးဟာ  အဲဒီဘုန်းကြီးလက်ထွက်တွေလို့ ကြားဖူးတယ်။ ဘုန်းကြီးကျောင်းမှာ ဟင်းပွဲလုတဲ့ ကျောင်းသားစရိုက်က ပါလာတော့ ဒီလူတွေလက်ထဲ ဝန်ကြီးဌာနတွေ ရောက်တဲ့အခါ ပျက်စီးမွဲပြာကျကုန်တာ သင်ခန်းစာပါပဲ။ 

မိဘမဲ့ မိန်းကလေးငယ်တွေကတော့ လူ့အဖွဲ့အစည်းကို ဖျက်ဆီးနိုင်တဲ့အဆင့်ထိ ရောက်ချင်မှ ရောက်ပါမယ်။ ဒါပေမဲ့ နေ့စဉ် လမ်းကြိုလမ်းကြား ဝင်ထွက်အလှူခံနေတဲ့ သီလရှင်အရေအတွက်က များလွန်းလာပါတယ်။ သီလရှင်အဝတ်နဲ့မို့ ဘဝလုံခြုံမှုတစုံတရာ ရှိပုံပေါ်ပေမဲ့ သူတို့မျက်နှာမှာ ပျော်ရွှင်မှုရှိပါရဲ့လား၊ သူတို့ကို ခိုင်းစားသူတွေ နောက်ကွယ်မှာ ရှိနေတတ်သလား။ နိုဝင်ဘာ ၂၀ ရက် ကမ္ဘာ့ကလေးများနေ့ တွေးမိတွေးရာပါ။

ရဲမြင့်ကျော်

4 months Ago
Up