close

ကလေးတက္ကသိုလ်

close

April 5, 2023

ကလေးတက္ကသိုလ်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို Civic Defense Militia - CDM-Siyin အဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သားတဦးသေပြီး သေနတ်တလက် ရရှိခဲ့တယ်လို့ CDM-Siyin အဖွဲ့ကနေ သိရပါတယ်။

တက္ကသိုလ်မုခ်ပေါက်ဝမှာ ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို ဧပြီ ၄ ရက် မနက်‌က အသင့်‌စောင့်ဆိုင်းပြီး ခြုံခိုကာ အလစ်အငိုက် ဝင်တိုက်ခိုက်ခဲ့တာလို့ CDM - Siyin အဖွဲ့က ပြောပါတယ်။

“သူတို့ ကျောင်းထဲကနေ ကျောင်းအပေါက်ဝဂိတ်မှာ ကင်းလာစောင့်နေကြလေ။ ဒါကြောင့် ကျနော်တို့ ကျောင်းဝန်းထဲထိဝင်ပြီး အသင့်စောင့် တိုက်ခိုက်ခဲ့တာ။ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ လောက်ကြာခဲ့တယ်။”

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး မိမိတို့အဖွဲ့က ထိခိုက်ကျဆုံးမှုမရှိဘဲ သေနတ်တလက် ရရှိခဲ့ကာ ကျန်တဲ့တပ်ဖွဲ့ဝင်တွေက ကျောင်းဝင်းထဲ ပြန်ဝင်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကလေး-ချင်းပြည်နယ်တက်တဲ့ ကလေး-သိုင်းငင်းလမ်းက ခိုင်ကမ်းစစ်ဆေးရေးဂိတ်ကို ပိတ်လိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ပြတော်လှန်ရေး‌အင်အားစုတွေက ကလေးမြို့တွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖော်ဆောင်လေ့ရှိသလို ကလေးနယ်မြောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ကုန်းကြောင်းကသာမက လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်နေပါတယ်။

13 hours Ago

April 7, 2022

ကလေးတက္ကသိုလ်အနီး စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ကလေးတက္ကသိုလ်ကျောင်းအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ ဧပြီ ၇ ရက် မနက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ချင်းတောင်ပေါ်က ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို ကလေးတက္ကသိုလ်ကျောင်းအနီးမှာ ကလေး PDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း ကလေး PDF ဘက်ကတော့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေ စစ်ကား ၃ စီးနဲ့ မြို့ထဲပြန်ဝင်လာစဉ် တာဟန်းရပ်ကွက် မွန်းလိုင်ဘက်မှာ သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခဲ့ကြတာကြောင့် သုံးဘီးဆိုင်ကယ်မောင်းသူ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေနတ်သံငြိမ်သွားတဲ့နောက် ရပ်ကွက်နေပြည်သူတွေက လမ်းဘေးရေမြောင်းထဲမှာ သုံးဘီးသမားဟာ ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့ကြပြီး ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

ဒီနေ့ ဧပြီ ၇ ရက်နေ့ဟာ ကလေးမြို့ တာဟန်းခံတပ် ဒုတိယအကြိမ် ဖြိုခွင်းခံရတဲ့နေ့ဖြစ်ပြီး မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေက လုံခြုံရေး အများအပြားချထားကာ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးနေပါတယ်။

12 months Ago
Up