စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံး များနေတယ်လို့ သိရပါတယ်။
မေ ၈ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်၊ ပျူစောထီး အင်အား ၂၀၀ ကျော်လောက်ဟာ ကလေးမြို့နယ် ရေရှင်ရွာကို ဦးတည်ပြီး အင်းကျွန်းရွာနဲ့ ကြံသာရွာဘက်ကနေ စစ်ကြောင်း ၃ ကြောင်း ထိုးစစ်ဆင်လာတာကို PDF (Kalay) ၊ CDF (KKG) နဲ့ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ကလေး PDF ရဲ့ တာဝန်ခံက ပြောပါတယ်။
တိုက်ပွဲဟာ ည ၁၀ နာရီကျော်အထိ ပြင်းထန်ခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ ဦးလောက် သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေရှင်ရွာအနီးမှာ မေ ၉ ရက် မနက် ၈ နာရီလောက်ကစပြီး ညနေ ၄ နာရီ ဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
မေ ၉ ရက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄ ဦးနဲ့ ကလေး PDF တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး သွားတယ်လို့ ကလေး PDF က ထုတ်ပြန်ပါတယ်။
မေ ၁၀ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူတွေ အလုံးအရင်း အသုံးပြုပြီး တိုက်ခိုက်လာတာကြောင့် ပူးပေါင်းတပ်တွေ ရေရှင်ရွာကနေ ဆုတ်ခွာပေးခဲ့ရတယ်လို့ ကလေး PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ကျနော်တို့လည်း အတတ်နိုင်ဆုံး ခုခံကာကွယ်ခဲ့ပေမဲ့ လက်နက်ကြီးတွေ နဲ့ တရစပ် ပစ်ခတ်နေတယ်။ ပြန်လည်ခုခံဖို့ လက်နက်ခဲယမ်းကမလုံလောက်လို့ နောက်ဆုတ်ခဲ့ရတာ၊ သူတို့က ရွာထဲကို ဝင်နိုင်သွားပြီ။ ရေရှင်ရွာက ဒေသခံနေအိမ်တွေ မီးရှို့နေကြပြီ။ ပြည်သူတွေအနေနဲ့ ဒီထက်ပိုပြီး ပူးပေါင်းပါဝင်စေချင်တယ်။ အခုလို လက်နက်ခဲယမ်းမလုံလောက်လို့ နောက်ဆုတ်ရတဲ့ အဖြစ်မျိုးမဖြစ်ရအောင် အားစိုက်ပါဝင်ပေးကြပါ။”
၃ ရက်တာ ရေရှင်ရွာခုခံမှုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ PDF (Kalay) တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပါတယ်။
စစ်ကောင်တပ်တွေ အင်းကျွန်းကျေးရွာမှာ တပ်စွဲနေထိုင်စဉ်ကတည်းက ရေရှင်ကျေးရွာ ဒေသခံတွေ ရှားတောကျေးရွာ စာသင်ကျောင်းမှာ စစ်ဘေးရှောင်နေကြရပြီး အချိန်ကာလကြာမြင့်နေပြီဖြစ်တာကြောင့် စားဝတ်နေရေးအခက်အခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရေရှင်ရွာဘက် ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဧပြီ ၂၂ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ CDF-KKG၊ ကလေးPDF၊ RKDF နဲ့ ပကဖပူးပေါင်းတပ်ဖွဲ့တွေ တနေကုန်နီးပါး တိုက်ပွဲ ပြင်းထန်းခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က ၁ ဦး ကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ CDF-KKG က ထုတ်ပြန်ထားပါတယ်။
ကလေး PDF တပ်ဖွဲ့ဝင်တဦးက “သူတို့တွေက ရေရှင်ရွာဘက်စစ်ကြောင်းထိုးလာတာ။ ကျနော်တို့တပ်ဖွဲ့က ရေရှင်မှာ အထိုင်ချထားတာ။ လမ်းမှာ တိုက်မိုင်းတွေ မိပြီး သေကြတယ်။ တနေကုန်တိုက်ကြတာ” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး ညနေ ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်းကျွန်းကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်စဉ်ကြောင့် အနီးအနားက လယ်ခြားရွာနဲ့ တခြားရွာတွေက ဒေသခံ ၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ရှောင်တဦးက “တိုက်ပွဲကတော့ မနေ့က ညအစောပိုင်းက စတာ။ ညကျတော့ လေယာဉ်သံ ကြားရတယ်။ ရွာဘက်တွေမှာ ဝဲနေတာ။ လုံခြုံတဲ့နေရာမှာဝပ်နေကြရတာ။ တိုက်ပွဲပြီးသွားပေမဲ့ အခြေအနေ မတည်ငြိမ်သေးလို့ ရွာမပြန်ရဲသေးဘူး” လို့ ပြောပါတယ်။
ရေရှင်ရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ရွာထဲကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်နေသလို စစ်ကြောင်း ဝင်ရောက်နေတာကြောင့် ဒေသခံတွေ ရွာထဲ မနေရဲဘဲ စစ်ရှောင်စခန်းနဲ့ တောတောင်တွေထဲမှာ နေထိုင်နေကြရပြီး စားဝတ်နေရေး အခက်အခဲ ကြုံနေကြရတယ်လို့ ဆိုပါတယ်။
ကလေးမြို့နယ် တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။