စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်အဖွဲ့အနေနဲ့ သပိတ်အဖွဲ့ဝင်တွေ ဖမ်းဆီးခံလိုက်ရပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ သပိတ်ပြုလုပ်တာတွေ ရပ်နားထားရတယ်လို့ ကျန်ရှိခဲ့တဲ့ သပိတ်အဖွဲ့ဝင်တချို့က ပြောပါတယ်။
သပိတ်အဖွဲ့ဝင်တွေ အင်အားနည်းတာ၊ မိမိတို့ ပင်မသပိတ်အဖွဲ့တွေကို စစ်ကောင်စီက ပစ်မှတ်ထား စောင့်ကြည့်နေတာ၊ မြို့ပေါ်မှာ စစ်ကောင်စီက နေရာအနှံ့ ကင်းပုန်းချ စစ်ဆေးနေတာတွေကြောင့် ဆန္ဒပြသပိတ်တွေကို ရပ်နားထားရတာလို့ သပိတ်အဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကျမတို့ သပိတ်အဖွဲ့တွေ ဖမ်းခံရပြီးနောက်ရက်ထိ ဆန္ဒပြတာတွေ လုပ်သေးတယ်။ ဖမ်းခံရတဲ့ အဖွဲ့ဝင်တွေက စစ်ကြောရေးမှာကြောင့် စိတ်ပူတာကတကြောင်း၊ လူအင်အားနည်းလို့ ဆန္ဒပြဖို့ အဆင်မပြေတာရောကြောင့် ခေတ္တရပ်နားထားရတာပါ။”
ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့က ကလေးပင်မသပိတ်အဖွဲ့ဝင် ကိုသန်းစိုးဦး၊ ကိုမျိုးကိုဝင်း၊ မနှင်းစံနဲ့ မကျင်ဒိတ်ကင်တို့ဟာ တော်လှန်သင်္ကြန်သပိတ်ပြုလုပ်စဉ် စစ်ကောင်စီပတ်ကင်းနဲ့ တွေ့ဆုံကာ ဖမ်းဆီးခံခဲ့ရတာပါ။
ကလေးမြို့ ပင်မသပိတ်ဟာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြ တော်လှန်လာခဲ့ကြရာ ရက်ပေါင်း ၈၀၀ အထိ ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ပင်မသပိတ်အဖွဲ့ဝင်တွေရဲ့ နေအိမ် ၄ လုံးကို စစ်ကောင်စီက ချိပ်ပိတ်လိုက်တဲ့အပြင် စစ်ကောင်စီတပ်သားတွေက JCB (မြေထိုးစက်) တွေနဲ့ ဖြိုချဖျက်ဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဧပြီ ၁၉ ရက် ညနေပိုင်းကစတင်ပြီး သပိတ်အဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ပါဂျဲရိုးကား အနက်တစီး၊ စစ်ကားအသေး ၂ စီး၊ စစ်ကားအကြီး ၁ စီးနဲ့ JCB (မြေထိုးစက်) တွေနဲ့ လာရောက်ဖြိုဖျက်ခဲ့တာလို့ မျက်မြင်တွေ့ခဲ့တဲ့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့လာတော့ လမ်းထဲကို ထွက်မကြည့်ခိုင်းဘူး။ လမ်းကြောင်းရှင်းထားတာ။ စစ်သားအင်အား ၃၀ လောက်ရှိမယ်။ အိမ်တွေကို မြေတူးစက်နဲ့ ဖြိုဖျက်ပြီး ပြန်လှည့်သွားကြတာ။”
ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့က ကလေးပင်မသပိတ်အဖွဲ့ဝင် ကိုသန်းစိုးဦး၊ ကိုမျိုးကိုဝင်း၊ မနှင်းစံနဲ့ မကျင်ဒိတ်ကင်တို့ဟာ တော်လှန်သင်္ကြန်သပိတ်ပြုလုပ်စဉ် စစ်ကောင်စီပတ်ကင်းနဲ့ တွေ့ဆုံကာ ဖမ်းဆီးခံခဲ့ရပြီးနောက် ညနေပိုင်းမှာ နေအိမ်တွေကိုချိပ်ပိတ်ကာ မိသားစုဝင်တွေကိုပါ ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ ဖြိုဖျက်လိုက်တဲ့ နေအိမ်တွေကတော့ ပင်မသပိတ်အဖွဲ့ဝင် ကိုဗိုက်ပူ၊ မနှင်းစံ၊ မပွားလေးနဲ့ မကျင်ဒိတ်ကင်တို့ရဲ့ နေအိမ်တွေကို ဖျက်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။
နေအိမ်ဖြိုဖျက်ခံလိုက်ရလို့ တော်လှန်ရေးစိတ်ကတော့ ယိမ်းယိုင်မသွားဘဲ ဒီတော်လှန်ရေးမှာ အဆုံးထိပါဝင်ကာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သွားမယ်လို့ ကျန်ရှိခဲ့တဲ့ သပိတ်အဖွဲ့ဝင်တွေက ပြောပါတယ်။