close

ကလေးပေါင်ဒါ

close

August 12, 2022

ဂျွန်ဆင် အန် ဂျွန်ဆင် ကုမ္ပဏီက ကလေးပေါင်ဒါရောင်းချမှု ရပ်ဆိုင်းတော့မည်

ဂျွန်ဆင် အန် ဂျွန်ဆင် ကုမ္ပဏီဟာ ၂၀၂၃ ခုနှစ်မှာ တဲလ်ကမ် အခြေခံ ကလေးသုံးပေါင်ဒါ ကမ္ဘာတဝန်း ရောင်းချမှုကို ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း ကုန်ပစ္စည်းထုတ်လုပ်သူက သြဂုတ် ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

သဘာဝရွှံ့စေးဖြစ်တဲ့ တဲလ်ကမ်ကနေ ပြောင်းဖူးမှုန့်အခြေခံ ကလေးပေါင်ဒါကို ပြောင်းလဲထုတ်လုပ်ဖို့ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ချထားကြောင်းလည်း ပြောပါတယ်။

ဒီပြောင်းဖူးမှုန့်အခြေခံ ကလေးပေါင်ဒါကို ကမ္ဘာတဝန်းရှိ နိုင်ငံတွေမှာ ရောင်းချနေပြီလို့လည်း ဆိုပါတယ်။

ဂျွန်ဆင် အန် ဂျွန်ဆင် ကုမ္ပဏီဟာ ထုတ်ကုန်ရဲ့ ဘေးကင်းမှုနဲ့ပတ်သက်တဲ့ သတင်းမှားတွေကြောင့် တရားရေးဆိုင်ရာ စိန်ခေါ်မှုတွေအကြားမှာ ဝယ်လိုအား ကျဆင်းသွားတာကြောင့် သူ့ရဲ့ တဲလ်ကမ် ကလေးပေါင်ဒါကို အမေရိကန်နဲ့ ကနေဒါတို့မှာ ရောင်းချတာကို ရပ်ဆိုင်းတော့မယ်လို့ ၂၀၂၀ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။

ကင်ဆာရောဂါကိုဖြစ်စေတဲ့ ကျောက်ဂွမ်းတွေ ပေါင်းစပ်ပါဝင်နေတာကြောင့် သူ့ထုတ်ကုန်ဟာ ကင်ဆာဖြစ်စေတယ်လို့ ဆိုပြီး သူ့ထုတ်ကုန် သုံးစွဲသူတွေနဲ့ ရောဂါပျောက်ကင်းသူတွေဆီကနေ တရားစွဲမှုပေါင်း ၃၈,၀၀၀ ကို ကုမ္ပဏီက ရင်ဆိုင်ခဲ့ရပါတယ်။

ဂျွန်ဆင် အန် ဂျွန်ဆင် ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ဆယ်စုနှစ်ချီ သိပ္ပံနည်းကျ စမ်းသပ်မှုတွေနဲ့ စည်းမျဉ်းအတည်ပြုချက်တွေမှာ သူ့ထုတ်ကုန် တဲလ်ကမ်ဟာ ဘေးကင်းပြီး ကျောက်ဂွမ်းကင်းစင်ကြောင်း ပြသထားပေမဲ့ သြဂုတ် ၁၁ ရက်နေ့မှာတော့ သူ့ထုတ်ကုန် ရပ်ဆိုင်းကြောင်း ကြေညာချက်ကို ထပ်လောင်းပြောကြားခဲ့ပါတယ်။

12 mins Ago

October 25, 2019

Johnson & Johnson  ၂၂ အောင်စ ကလေးပေါင်ဒါဘူးအချို့ ဈေးကွက်မှ ရုပ်သိမ်း

ကျောက်ဂွမ်းညစ်ညမ်းမှု ဖြစ်ဖွယ်ရှိတဲ့အချက်ကြောင့် Johnson & Johnson ကုမ္ပဏီက  ၂၂- အောင်စ ကလေးပေါင်ဒါဘူးတချို့ကို ဈေးကွက်ကနေ ရုပ်သိမ်းလိုက်ပြီးနောက် CVS Health  ကုမ္ပဏီနဲ့ Rite Aid ကုမ္ပဏီတို့ကလည်း အဲဒီပေါင်ဒါဘူးအားလုံးကို သူတို့ အရောင်းဆိုင်တွေကနေ ဖယ်ရှားလိုက်ပါတယ်။  Walmart  ကုမ္ပဏီကလည်း အလားတူ သူ့စတိုင်းဆိုင်တွေမှာ အဲဒီကလေးပေါင်ဒါဘူး ရောင်းချခွင့် ပိတ်ပင်လိုက်ပါတယ်။  ဈေးဝယ်သူတွေ အထိပ်တလန့် မဖြစ်ရအောင်လို့ Johnson & Johnson ကုမ္ပဏီက ၂၂ အောင်စ ကလေးပေါင်ဒါဘူးတွေကို အရောင်းဆိုင်တွေအပြင် အွန်လိုင်းကနေတဆင့် ‌ရောင်းဝယ်တာလည်း ဖယ်ရှားလိုက်တယ်လို့ CVS ကုမ္ပဏီက အောက်တိုဘာ ၂၄ ရက်နေ့မှာ ပြောပါတယ်။ ဒါပေမယ့် ကျန်ကလေးပေါင်ဒါဘူးတွေကိုတော့ ပုံမှန်အတိုင်း ဆက်ရောင်းသွားမယ်လို့  CVS ကုမ္ပဏီက ပြောပါတယ်။  Johnson & Johnson  ကုမ္ပဏီဟာ သူ့ရဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ ပတ်သက်လို့ ထောင်ချီတဲ့ အမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။  အွန်လိုင်းကနေ ဝယ်လိုက်တဲ့ ပေါင်ဒါဘူးတဘူး နမူနာယူ စစ်ဆေးလိုက်တဲ့အခါ ကျောက်ဂွမ်းပါဝင်တဲ့ သဲလွန်စတွေ့ရတယ်လို့ အမေရိကန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။  အဲဒီနောက်မှာတော့ အမေရိကန်နိုင်ငံထဲမှာ ကလေးပေါင်ဒါဘူးပေါင်း သုံးသောင်းသုံးထောင်ကို ပြန်သိမ်းလိုက်တယ်လို့ Johnson & Johnson  ကုမ္ပဏီက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောပါတယ်။  အမျှင်ပုံဆောင်ခဲတွေပါတဲ့ သဘာဝဆီလီကာ တွင်းထွက်ပစ္စည်းဖြစ်တဲ့ ကျောက်ဂွမ်းဟာ ကာဆီနိုဂျင်လို့ခေါ်တဲ့ ကင်ဆာရောဂါဖြစ်စေနိုင်ပါတယ်။  ကျောက်ဂွမ်းမှုန့်ကို ရှူမိရင်တော့ အဆုတ်နာရောဂါနဲ့ တခြားကင်ဆာရောဂါတွေလည်း ဖြစ်ပွားနိုင်ပါတယ်။ ကျောက်ဂွမ်းဟာ အပူဒဏ်ခံနိုင်တာကြောင့် နိုင်ငံတော်တော်များများမှာတော့ အပူဒဏ်ကာကွယ်တဲ့ ပစ္စည်းအနေနဲ့ သုံးကြပါတယ်။
3 years Ago
Up