close

ကလေးမြို့ပေါ်

close

April 1, 2022

ကလေးမြို့ပေါ်နှင့် မင်းကင်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် တာဟန်းရပ်ကွက်၊ နေကြာတိုက်လမ်းကြားမှာ မတ် ၃၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြို့နေလူထုမှာ ပြေးစရာလမ်းမရှိဘဲ အိမ်ထဲမှာပဲ ပုန်းအောင်းနေထိုင်ကြရပြီး ကြောက်ရွံ့ထိတ်လန့်နေကြတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

"မြို့ပေါ်ဆိုတော့ ပြေးစရာလမ်းက မရှိဘူးပေါ့၊ အိမ်ကိုတံခါးပိတ်ပြီး အိမ်ရဲ့အတွင်းပိုင်း လုံခြုံတယ်လို့ ထင်ရတဲ့တနေရာမှာ ပုန်းအောင်းနေထိုင်ကြရတယ်။"

ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့ကလည်း တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးနဲ့ ဝယ်စဂလီ ဆေးရုံကြားက လမ်းထောင့်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့ဝင်တွေကြား ထိတွေ့မှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်

စစ်ကိုင်းတိုင်း၊ က​လေးခရိုင်၊ မင်းကင်းမြို့နယ်မှာလည်း  ဧပြီ ၁ ရက်​ မနက်ပိုင်း ၉ နာရီလောက်က ဒေသခံ PDF အဖွဲ့​​တွေပူး​ပေါင်းပြီး စစ်​ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

မုံရွာ-ယာကြီး က​လေးဝလမ်းပိုင်း မင်းကင်းမြို့နယ် ​တောင်တွင်း​ဒေသနဲ့ ကနီမြို့နယ် ဆယ်ရွာ​​ဒေသအကြား ၆၈ မိုင်အ​ရောက်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

MKPDFတပ်ရင်း- ၂၊တပ်ခွဲ -၂ နဲ့အတူ ရွှေသမင်မုဆိုးPDFအဖွဲ့နဲ့ ကနီမြို့နယ် ဆယ်ရွာ​​​ဒေသ PDF အဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်တာအပြင် လက်နက်ငယ်တွေနဲ့ပါ အပြန်အလှန်ပစ်ခတ်ခဲ့ကြတာလို့  PDF ​ခေါင်း​ဆောင်တစ်ဦးက ​ပြောပါတယ်။

တိုက်ပွဲမှာ စစ်​ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်းကျဆုံးခဲ့သလို ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိသွားခဲ့​ကာ ​PDF ပူး​ပေါင်းအဖွဲ့ဘက်က​တော့ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့စစ်​ကောင်စီတပ်ဖွဲ့ဟာ အင်အား ၁၀၀ ​ကျော်ရှိပြီး က​လေးဝဘက်က​နေ ကနီမြို့နယ် လာဘို့​ကျေးရွာဘက်ဆီကို ချီတက်လာတဲ့အဖွဲ့ဖြစ်တယ်လို့လည်း ပြောပါတယ်။

စစ်​ကောင်စီတပ်နဲ့ PDF အဖွဲ့​တွေ ထိ​တွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တာ​ကြောင့် မင်းကင်းမြို့နယ် တောင်တွင်း​ဒေသနဲ့ ကနီမြို့နယ် ဆယ်ရွာ​ဒေသထဲကို ပြည်သူတွေ သွားလာတာ မလုပ်ကြဖို့ ဒေသခံ PDF အဖွဲ့ ​ခေါင်းဆောင်က ပြောပါတယ်။

12 mins Ago
Up