close

ကလေးမြို့

close

May 10, 2023

ကလေးနှင့် ရေဦးမြို့နယ်တို့ကို စစ်တပ်က လေကြောင်းပစ်ခတ်၊ ဒေသခံ သောင်းချီ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးက လေးအိမ်စုကျေးရွာကို စစ်ကောင်စီက လေကြောင်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

တိုက်ပွဲမဖြစ်ဘဲ မေ ၉ ရက် ညနေ ၃ နာရီဝန်းကျင်က စစ်ကောင်စီရဲ့ Mi 35 ဂျက်ဖိုက်တာနဲ့ ရုတ်တရက် လာရောက်ပစ်ခတ်ခဲ့တာကြောင့် ရွာသားတွေအားလုံး ဘေးလွတ်ရာ ဒေသတွေနဲ့ မြို့ပေါ်တွေထိ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

လေးအိမ်စုရွာသားတဦးက “ဂျက်လေယာဉ်က ပထမ ရွာပေါ်ကနေ ပျံသွားပြီး အပြန်လှည့်ပစ်တာ။ ရွာထဲကို တည့်တည့်ပစ်တာပါ။ တရွာလုံးတော့ ပြေးနေကြတယ်။ ရွာကလူတွေ ထိခိုက်ဒဏ်ရာရတာတွေတော့ မရှိကြဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါလေးအိမ်စုကျေးရွာမှာ PDF တွေရှိတယ် အထင်နဲ့ စစ်ကောင်စီက လေကြောင်းကနေ ပစ်တာဖြစ်နိုင်တယ်လို့ ရွာခံတွေ ခန့်မှန်း‌နေကြပြီး လက်ရှိ တိမ်းရှောင်နေရတဲ့ ဒေသခံတွေကတော့ နေထိုင်စားသောက်ရေး အကူအညီလိုအပ်နေတယ်လို့လည်း ပြောပါတယ်။

လေးအိမ်စုကျေးရွာမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ဒေသခံ ၇၀၀ ဝန်းကျင် နေထိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း စစ်ကောင်စီက လေးအိမ်စုရွာထဲကို စစ်ကြောင်းထိုးပြီး ဒေသခံနေအိမ်အချို့ကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

ကလေးမြို့၊ မြို့သာရပ်ကွက်က ဒေသခံ ကျော်ဇေယျာမျိုးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အရ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကို‌ကျော်ဇေယျာမျိုးကို ဆန္ဒပြပွဲတွေမှာ ပါဝင်ကာ အကြမ်းဖက်မှုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်စွပ်စွဲပြီး စစ်ကောင်စီက မေ ၈ ရက်က ထောင်ဒဏ်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီ စွပ်စွဲသလို ကိုကျော်ဇေယျာမျိုးဟာ ဆန္ဒပြပွဲတွေမှာ မပါဝင်ခဲ့ဘူးလို့ မိသားစုဝင်နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို‌ ပြောပါတယ်။

"၈ ရက်နေ့ရုံးချိန်းမှာ အမိန့်ချပြီး မော်လိုက်ထောင်ကို ရောက်သွားပါပြီ။ သူကျန်းကျန်းမာမာရှိပါတယ်။"

ကိုကျော်ဇေယျာမျိုးဟာ မတ် ၁၁ ရက်က သာစည်ရွာကိုသွားစဉ် မြို့သာရပ်ကွက် အဖွဲ့စက် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာက ထန်းတော ဗောတိ အ.ထ.က စာသင်ကျောင်းကို စစ်ကောင်စီတပ်က မေ ၉ ရက် နေ့လယ် ၂ နာရီကျော်က တိုက်လေယာဉ်နဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

“အကြောင်းမဲ့ကို လာပစ်ခတ်တာဗျ။ ပစ်တာက ၂ ခေါက်ပစ်တာ။ ပထမက ဗုံးသီး ၈ လုံးချ ပစ်ခတ်တယ်။ နောက်တခေါက်ကျတော့ စက်လက်နက်တွေနဲ့ပစ်တာ။ ဘာကြောင့် ပစ်တာလဲတော့မသိဘူး။ မြေပြင်မှာ စစ်ရေးတင်းမာမှုလည်း မရှိဘူး။ စစ်ကြောင်းလည်း မရှိဘဲကို လာပစ်တာ။ ကံကောင်းတာက ကျောင်းသားတွေ နေအရမ်းပူလို့ ကျောင်းကို တနေကုန်မဟုတ်ဘဲ နေ့တပိုင်းပဲတက်ပြီး ကျောင်းဆင်းချိန်စောသွားလို့ အသေအပျောက်မရှိခဲ့တာဗျ။ တနေကုန်သာ ကျောင်းတက်မယ်ဆိုရင်တော့ မတွေးရဲစရာဘဲ။ ဒုတိယ ပဇီကြီးကျေးရွာဖြစ်သွားနိုင်တယ်။ သူတို့ အခုလို မိုင်းချပြီး ပစ်ခတ်တာတွေ လုပ်တာကြောင့် နေပူပူမှာ ဒေသခံသောင်းနဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်” လို့ တင်တိမ်ရံရွာသားတဦးက ပြောပါတယ်။ 

ဗုံးချတိုက်ခိုက်ခံရတာကြောင့် ကျောင်းဝင်းအတွင်း ၄ လုံးနဲ့ ကျောင်းအုတ်တံတိုင်းဘေး ၄ လုံး ကျပေါက်ကွဲခဲ့ပြီး စာသင်ကျောင်းမုခ်ပေါက်၊ အမိုးနဲ့ သွပ်အမိုးတွေ ပေါက်ထွက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

3 hours Ago

May 4, 2023

ကလေးမြို့ သာစည်ရွာက ဒေသခံ ၉ ဦးကို စစ်တပ် ဖမ်း‌ဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ သာစည်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး သေနတ်ပစ်ဖောက်ကာ ဒေသခံ ၉ ဦးကို ဖမ်းဆီးသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။

မေလ ၂ ရက် ညနေ ၅ နာရီလောက်က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ကလေးမြို့ အဖွဲ့စုံစစ်‌ဆေးရေးဂိတ်ကနေ အိမ်စီးကားအမည်းတစီး၊ ဖောကားတစီး၊ ဆိုင်ကယ်တွေနဲ့ ကျေးရွာတွင်းကို ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

ကျေးရွာအနီးနေ ဒေသခံတဦးက “ရွာထဲကို ကားတွေ ဆိုင်ကယ်‌တွေနဲ့ ၃ နေရာကနေ အတင်းမောင်းဝင်ခဲ့တာ။‌ သေနတ်တွေပစ်ဖောက်ပြီး ဖမ်းသွားတာ။ ဘာကြောင့်ဖမ်းသွားတယ် ဆိုတာ သေချာမသိရဘူး။ အခုတလော ရွာထဲ ခဏခဏဝင်ဖမ်းတာတွေ များနေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ သာစည်ရွာက ဒေသခံတွေကို စစ်ကောင်စီက ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်က စစ်ကြောရေးကို ပို့ဆောင်ထားတယ်လို့ သိရပြီး ဖမ်းဆီးခံရတဲ့သူ‌တွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

လတ်တလောမှာ စစ်ကောင်စီတပ်သားတွေက သာစည်ရွာအတွင်းကို မကြာခဏ ဝင်ရောက်ကာ ဒေသခံတွေကို ဖမ်းဆီးနေပြီး ဧပြီ ၁၈ ရက်ကလည်း ကျေးရွာက ဒေသခံ ဦးသိန်းထွန်းနဲ့ မမြတ်မြတ်ခိုင်တို့ကို ဖမ်းဆီးခဲ့ပါသေးတယ်။

6 days Ago
Up