ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ၁၆ နှစ်အောက် ကလေးတွေကို အလုပ်အကိုင် ခန့်အပ်ခြင်းမှ တားမြစ်ရေး ကြေညာချက်ကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ကလေးသူငယ်အခွင့်အရေးနဲ့ အကျိုးစီးပွားကို ထိပါးစေတဲ့ လုပ်ရပ်တွေကို ထိရောက်စွာ တားဆီးဖို့နဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေရဲ့ ပညာရေး၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အလေးထား ပျိုးထောင်နိုင်စေဖို့ ထုတ်ပြန်တာလို့ ဆိုပါတယ်။
အချက် ၄ ချက်ပါတဲ့ ထုတ်ပြန်ချက်မှာ လုပ်ငန်းရှင်တွေအနေနဲ့ အရွယ်မရောက်သေးသူတွေကို ဆန်းစစ်ပြီး အလုပ်ကထုတ်ပယ်ဖို့ ၁၆ နှစ်အောက် ကလေးတွေကို အလုပ်ရှာဖွေပေးတာတွေ မလုပ်ဖို့နဲ့ ထုတ်ပြန်ချက်ကို မလိုက်နာတဲ့ ကုမ္ပဏီတွေကို စစ်ဆေးအရေးယူသွားမယ့် အကြောင်းနဲ့ စာရွက်စာတမ်း အတုလုပ်တာနဲ့ ဝန်ထမ်းတွေရဲ့အသက်ကို ဖုံးကွယ်ထားတဲ့ လုပ်ငန်းတွေကိုလည်း ပြင်းထန်စွာ အရေးယူသွားမယ်လို့ ပါရှိပါတယ်။
ကိုးကန့်ဒေသမှာ ကိုးကန့်အလယ်တန်းထိ အောင်မြင်ထားပြီး တရုတ်စာ တရုတ်စကားအပြင် မြန်မာစာ စကားတတ်မြောက်ကျွမ်းကျင်ရင် အလုပ်လုပ်ကိုင်ဖို့ လွယ်ကူတယ်လို့လည်း သိရပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေကို ခိုင်းစေမှုတွေနဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ လူကုန်ကူးခံရတာတွေလည်း ရှိခဲ့ဖူးပါတယ်။
စစ်ကောင်စီ လက်အောက်ခံ လူကယ်ပြန်ဝန်ကြီးဌာနရဲ့ နေပြည်တော်အတွင်း တောင်းရမ်းစားသောက်သူတွေနဲ့ ကလေးလုပ်သားပပျောက်စေရေး လိုက်လံဆောင်ရွက်နေမှု တွေဟာ အပေါ်ယံဟန်ပြသက်သက်သာ ဖြစ်နေတယ်လို့ နေပြည်တော်ဒေသခံတွေက ဝေဖန်နေကြပါတယ်။
လူကယ်ပြန်ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်ပြီး အောက်တိုဘာ ၁၈ ရက်က နေပြည်တော်အတွင်း မြို့နယ်တွေမှာ တောင်းရမ်းသူတွေနဲ့ ကလေးလုပ်သားပပျောက်စေရေးဆိုပြီး လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့တာပါ။
ဒီလိုဆောင်ရွက်ရာမှာ ဇမ္ဗူသီရိမြို့နယ်အတွင်းမှာ ပန်းရောင်းနေသူ ကလေးငယ် ၂ ဦးက လွဲပြီး တခြားထူးခြားဖြစ်စဉ်မတွေ့ရဘူးလို့ နေပြည်တော်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
"သူတို့လိုက်စစ်နေတဲ့အချိန်မှာတော့ ဘယ်တွေ့မလဲ။ ရှောင်နေကြတာပေါ့။ အခုပဲကြည့်လေ၊ ပျဉ်းမနားမှာ တောင်းတဲ့သူတွေမှ နေရာတိုင်းမှာရှိတယ်။ အသက်ကြီးတဲ့သူတွေရော၊ ကလေးတွေရော။ အဲ့ဒီတော့ သူတို့လုပ်တာ အပိုလုပ်နေသလိုဖြစ်နေတာပေါ့" လို့ ပျဉ်းမနားမြို့နေပြည်သူတဦးက ပြောပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့မှာ လူမှုဝန်ထမ်းဦးစီးဌာနက ဝန်ထမ်းတွေနဲ့ နေပြည်တော်ကောင်စီဝင်တွေ လိုက်လံစစ်ဆေးခဲ့ပြီး နောက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၁၉ ရက်မှာတော့ နေပြည်တော်အတွင်းက လူစည်ကားရာ နေရာတွေမှာ တောင်းရမ်းသူတွေက ပုံမှန်ပြန်ရှိနေမြဲပဲဖြစ်ပါတယ်။
"အခုနှစ်တွေမှာ ပိုများလာတယ်။ လိုက်တောင်းတဲ့ ကလေးလေးတွေဆို အတင်းလက်ဆွဲပြီးကို တောင်းတာ။ တချို့တွေဆို ထမင်းချိုင့်တွေဘာတွေနဲ့ကို လာပြီးတောင်းတာ" လို့ ပျဉ်းမနားမြို့နေသူက ပြောပါတယ်။
ပြည်တွင်းအလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်လာမှုတွေကြောင့် အမှန်တကယ် စားဝတ်နေရေးခက်ခဲတဲ့ တောင်းရမ်းသူတွေရှိသလို မိဘအချို့က ကလေးတွေကို တနေ့ဘယ်လောက်နှုန်း သတ်မှတ်ပြီး တောင်းခိုင်းနေတာတွေလည်း ရှိတယ်လို့ ဒေသခံအချို့က ပြောပါတယ်။