close

ကလေးဝ PDF

close

March 25, 2022

ကလေးဝမြို့နယ်က ရွှေမျောလုပ်ငန်းများ ရပ်တန့်ရန် ကလေးဝ PDF သတိပေး

စစ်ကောင်စီကို တိုက်ရိုက်ဝင်ငွေရစေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ဆင်ခေါင်းကျေးရွာအနီးရှိ ချင်းတွင်းမြစ်ရိုးပေါ်က တရားမဝင် ရွှေမျောလုပ်ငန်းတွေ ရပ်တန့်ကြဖို့ ကလေးဝ PDF က မတ် ၂၄ ရက်နေ့မှာ ထုတ်ပြန် သတိပေးထားပါတယ်။

အဲဒီ‌ ရွှေကျင်လုပ်ငန်းဟာ စစ်ကောင်စီကို ဝင်ငွေထောက်ပံ့သလို ဖြစ်နေပြီး သဘာဝရေမြေ သယံဇာတ တောတောင် မြစ်ကြောင်း သက်ရှိသတ္တဝါနဲ့ လူမှုဝန်းကျင်ကို‌ ဆိုးရွားစေတဲ့ လုပ်ငန်းဖြစ်တာကြောင့် ရပ်တန့်ခိုင်းရတာလို့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။

မိမိတို့ တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီဝင်ငွေရစေမယ့် ဒေါက်တိုင်လုပ်ငန်းတွေကို ပိတ်ဆို့တားဆီးနေပြီး အများပြည်သူအကျိုး ရှေးရှုတဲ့အနေနဲ့ ရွှေကျင်လုပ်ငန်း လုပ်ကိုင်သူတွေ မတ် ၃၁ ရက် နောက်ဆုံးထားပြီး လုပ်ငန်းရပ်ဆိုင်းကြရမယ်လို့လည်း ဆိုပါတယ်။

သတိပေး ထုတ်ပြန်ကြေညာချက်ကို မလိုက်နာဘူးဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေကို လုံးဝတာဝန်ယူမှာ မဟုတ်ဘူးလို့ ကလေးဝ PDF က သတိပေးထားပါတယ်။

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်အတွင်းမှာ ရွှေမျှောလုပ်ကိုင်နေတဲ့ လုပ်ငန်း ၁၀၀ ကျော်၊ အလုပ်သမား ‌ ထောင်ချီ လုပ်ကိုင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ တရားမဝင် ရွှေမျှောလုပ်ငန်း လုပ်ကိုင်သူတွေဟာ မြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေ၊ တာဝန်ရှိသူတွေကို ၁ နှစ်စာအတွက် ကျပ်သိန်း ၅၀၀ လောက် ပေးပြီးလုပ်ဆောင်နေကြတာလို့ အလုပ်သမားတဦးက ပြောပါတယ်။

1 min Ago
Up