ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်က ကင်းပုန်းချပြီး စစ်ရေးလှုပ်ရှား နေတာ ကြောင့် ပြည်သူတွေအနေနဲ့ ည ၇ နာရီမှ မနက် ၅ နာရီအတွင်း မသွားကြဖို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် MBPDF က ထုတ်ပြန်ပါတယ်။
မိုးဗြဲမြို့ပေါ် ရပ်ကွက်က နေအိမ်တချို့နဲ့ စက်တော်ရာတောင်ပေါ်မှာ စစ်ကောင်စီတပ်က ကင်းပုန်းချ လှုပ်ရှားနေတဲ့အပြင် ရပ်ကွက်တွင်း ခိုးဆိုးလုနှိုက်၊ မူးယစ်ရောင်းဝယ်ဖောက်ကားသူ တွေ တနေ့တခြား တိုးပွားလာတာကို တာဝန်ယူ ဖြေရှင်းပေးဖို့ အချိန်ကန့်သတ်ရတာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အလားတူ ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့မှာ ပွင့်လင်းရာသီ စစ်ရေးအရှိန် တိုးမြှင့် လာနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ ဝင်ထွက်သွားလာတာကို ယာယီပိတ်ထားမယ်လို့ ကရင်နီပြည်နယ်အစိုးရက နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဖရူဆိုဒေသရှိ လမ်းပိတ်ထားတဲ့ ကာလအတွင်း လုံးဝ သွားလာခွင့်ရှိမှာ မဟုတ်ဘဲ လမ်းပြန်ဖွင့်မယ့် အချိန်ကိုလည်း ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး ထုတ်ပြန်ချက်တွေကို အမြဲနားစွင့် လိုက်နာဆောင်ရွက်ကြဖို့ ကရင်နီပြည်နယ်အစိုးရအဖွဲ့က တိုက်တွန်းထားပါတယ်။
ဖရူဆို လမ်းပိုင်းကို ပိတ်ထားတာနဲ့ ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "ဒီလမ်းပိုင်းက အရင်ထဲက အသွားအလာပိတ်ထားတာပါ။ ဘာလို့လဲဆိုတော့ အဲဒီလမ်းမှာက အမြဲတမ်း စစ်မျက်နှာဆိုင်နေလို့ပါ။ ပြည်သူတွေအနေနဲ့ ဒီလမ်းကို ဖြတ်သန်းသွားလာနေရင် အန္တရာယ်များလို့ လမ်းအသုံးပြုခွင့် ပိတ်ပင်ထားတာ” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း တမူးမြို့နဲ့ ကလေးမြို့ကို ဆက်သွယ်ထားတဲ့ တမူး-ကလေးအာရှလမ်းမကြီးကိုတော့ နိုဝင်ဘာ ၂၉ ရက်မှစပြီး ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီလို့ တမူး PDF က တာဝန်ရှိသူက ပြောပါတယ်။
တမူး-ကလေး အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ နယ်မြေလှုပ်ရှားမှု နည်းလာတာကြောင့် လမ်းပြန်ဖွင့်ပေးလိုက်တာလို့ ဆိုပါတယ်။
"ကျနော်တို့ တပ်ဖွဲ့တွေက လမ်းကြောပိတ်လိုက်တော့ တမူးကလာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်လို့ရခဲ့တယ်။ သူတို့ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်ဒဏ်ရာရသူတွေ အနည်းငယ်ရှိခဲ့တယ်။ သူတို့က လမ်းဘေးဝဲယာက ဒေသခံနေအိမ်တွေကို လည်း မီးရှို့ခဲ့တယ်။ အခုတော့ သူတို့ဘက်က လှုပ်ရှားမှု နည်းလာလို့ လမ်းကြောကို ပြန်ဖွင့်ပေးလိုက်တာ။"
ကလေး-ခါမ်းပတ်-တမူးလမ်းမကြီးကို နိုဝင်ဘာ ၁၂ ရက်ကစပြီး ဒေသတွင်း စစ်ရေးအခြေအနေတွေကြောင့် အသုံးမပြုကြဖို့ ဒေသခံကာကွယ်ရေးတပ်တွေ သတိပေး ထုတ်ပြန်ခဲ့တာပါ။
စစ်ကိုင်းတိုင်း ကလေးနဲ့ တမူးမြို့ကို ဆက်သွယ်ထားတဲ့ ကလေး-တမူးလမ်းကို ပြည်သူတွေ အသုံးမပြုကြဖို့ နောက်ထပ် တပတ်တိုးပြီ သတ်မှတ်လိုက်တယ်လို့ ကလေးနဲ့တမူးဒေသပြည်သူ့ ကာကွယ်တပ်တွေက ကြေညာလိုက်ပါတယ်။
မြို့နယ်အတွင်းဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေကြောင့် နိုဝင်ဘာ ၁၉ ရက်အထိ အရေးပေါ် ကျန်းမာရေးကိစ္စက လွဲလို့ အဲဒီလမ်းကို အသုံးမပြုကြဖို့ အခုလ ၁၂ နဲ့ ၁၃ ရက်တွေက အသီးသီး ထုတ်ပြန်ထားကြတာပါ။
အခုအဲဒီထုတ်ပြန်ချက်ကို ရက်သတ္တပတ် ၁ ပတ်ထပ်တိုးလိုက်တယ်လို့ PDF Kalay က နိုဝင်ဘာ ၂၀ ရက်မှာ ထပ်မံထုတ်ပြန်လာပါတယ်။
ကလေးမြို့နယ်အတွင်း လက်ရှိစစ်ရေးဆက်လက်တင်းမာနေမှုအခြေအနေများအရ ကလေး-တမူး လမ်းမှာ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာတာ လုံးဝ မလုပ်ဖို့ မေတ္တာရပ်ခံ သတိပေးထားတယ်လို့ ဆိုပါတယ်။
သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာလို့ ဖြစ်ပေါ်လာနိုင်မယ့် လုံခြုံရေး အန္တရာယ် တွေနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သတိပြုစေလိုကြောင်း ဒေသခံကာကွယ်ရေးတပ်တွေ က အသိပေးထားပါတယ်။