အညာတခွင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့အတူ မီးရှို့ ဖျက်ဆီးမှုတွေကြောင့် စာသင်ကျောင်းတွေ မီးလောင်ပျက်စီးခဲ့ရလို့ ကလေးတွေအားလုံး ပညာသင်ကြားခွင့်များ ဆုံးရှုံးလျက် ရှိတယ်လို့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဧပြီ ၂၉ ရက်က ထုတ်ပြန် ပြောဆိုပါတယ်။
S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး တာဝန်ခံ ကိုစိုးမိုးအောင်က "အညာဒေသ ပညာရေးအတွက် ကျနော်တို့ စာသင်ကျောင်းတွေ ဆောက်လုပ် လှူဒါန်းပေးနေ ပါတယ်။ စာသင်ခုံတွေလည်း လှူဒါန်းနိုင်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိ စာသင်ခုံတွေ တန်ဖိုးက ၁ သိန်းလောက် ရှိနေတော့ ကြိုးစားနေရတုန်းပါပဲ။ အခုဟာက အကုန် အစကနေပြန် စနေရတာ ဆိုတော့ လိုအပ်ချက်တွေကတော့ အများကြီးပါပဲ" လို့ ပြောပါတယ်။
လတ်တလော ကလေးတွေဟာ စာသင်ကျောင်းလည်း မရှိ စာသင်ခုံလည်း မရှိတာကြောင့် သစ်ပင်အောက်က မြေကြီးပေါ်မှာပဲ စာသင်နေကြရတယ်လို့ သူက ဆက်ပြောပါတယ်။
S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး အဖွဲ့ဟာ အညာမြေမှ မီးရှို့ခံရတဲ့ ကျောင်းများကို ပြန်လည်တည်ဆောက်ပေးခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ပေးခြင်း စတဲ့ လုပ်ငန်း တာ၀န်များကို ထမ်းဆောင်ခဲ့တာ အချိန်တခုထိ ရောက်ခဲ့ပြီလို့ သိရပါတယ်။
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်က ယင်းဝါရေလှောင်ကန်မှာ ကလေး တယောက် ဧပြီ ၂၉ ရက် ညနေ ၃ နာရီလောက်မှာ ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးသွားတဲ့ကလေးဟာ အသက် ၁၄ နှစ်အရွယ်ရှိပြီး ယင်းဝါရေလှောင်ကန်အနီး နေထိုင်သူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ တဦးက “ကလေးတွေက ဘောလုံးကန်ပြီးတာနဲ့ ရေဆင်းကူးကြတာ။ သူ့သူငယ်ချင်းတွေက ပြန်မယ်လို့ ပြောတော့လည်း သူက ရေကန်နံဘေးမှာ ကျန်ခဲ့တယ်။ သူ မလိုက်လာမှန်းသိတော့ သူငယ်ချင်း တွေက ရေကန်ဆီပြန်သွားတဲ့အချိန်မှာ သူ့ရဲ့ဖိနပ်နဲ့ ဖုန်းကို ရေကန်ပေါင်ပေါ်မှာ တွေ့ရတယ်။ ရေထဲမှာ ဆင်းရှာတော့ သေနေပြီ”လို့ ပြောပါတယ်။
ရေနစ်သွားတဲ့ကလေးရဲ့အလောင်းကို မီးသတ်ဌာနမှ မီးသတ်သမားတွေက လာရောက် ဆယ်ယူခဲ့ပါတယ်။
ယင်းဝါရေလှောင်ကန်မှာ ညနေဘက်ဆိုကလေးတွေ ရေအမြဲဆင်းကူးလေ့ရှိပြီး ရေရဲ့အနက်မှာ လူ တရပ်စာပဲရှိတာဖြစ်ပါတယ်။
“ယင်းဝါရေလှောင်ကန်မှာ နှစ်စဉ် တစ်နှစ်တစ်ယောက်သေတယ်။ ဒါပေမယ့် လူမသေတာ တော်တော်ကြာပြီ”လို့ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့၊ ဗိုလ်ချုပ်လမ်းဆုံမှာ ကလေးပင်မသပိတ်အင်အားစုက ပြည်သူတွေ သွေးမအေးသေးကြောင်း ပြသတဲ့အနေနဲ့ အလံဖြူမှာ လက်သုံးချောင်းရေးဆွဲပြီး အလံ ထောင်ထားခဲ့ကာ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့တယ်လို့ ပင်မသပိတ်အဖွဲ့ဝင်တွေက ပြောပါတယ်။
PDF တပ်ဖွဲ့ဝင်တွေက အပြစ်မဲ့ ပြည်သူများအား ထိခိုက် သေကျေစေဖို့ ရည်ရွယ်ပြီး အနီရောင် လက် ၃ ချောင်း ထောင်ထားတဲ့ပုံပါ အဖြူရောင်ပိတ်စတခုကို လက်လုပ်မိုင်း ၁ လုံးနဲ့ တွဲလျက်ချထားတာကြောင့် လက်လုပ်မိုင်းကို ဖောက်ခွဲရှင်းလင်းခဲ့ရတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၇ ရက် မနေ့က မြို့လယ်ခေါင်လမ်းဆုံမှာ ပင်မသပိတ်အဖွဲ့ဝင်တွေက အလံထောင်ထားခဲ့ တာဖြစ်ပြီး အဲ့ဒီအလံထောင်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်အင်အားအများအပြားက မြို့လယ်လမ်းဆုံကို ကြိုးတားပိတ်ပစ်ကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကလေးပင်မသပိတ်အဖွဲ့ဝင်အမျိုးသမီးတစ်ဦးကတော့ မိမိတို့ သပိတ်အဖွဲ့ဝင်တွေအနေနဲ့ လက်နက်ကိုင်ဆောင်ခြင်း မရှိကြောင်း၊ အလံဖြူထောင်တဲ့ နေရာမှာလည်း မိုင်းထောင်ခဲ့ခြင်း မရှိကြောင်းနဲ့ ပြည်သူတွေသွေးမအေးသေးကြောင်း ပြသတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။
မြို့လယ်လမ်းဆုံကို ပိတ်ပစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက အလံဖြုကို မိုင်းခွဲ ဖျက်ဆီးခဲ့ပြီး ညနေပိုင်းမှာ လမ်းဆုံကို ပြန်လည်သွားလာခွင့်ပေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။