စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အမျိုးသမီး ဆေးတပ်သား ၉ ယောက်ကို အောက်တိုဘာလထဲမှာ ကလေးထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၁၂ နှစ်စီ အမိန့်ချလိုက်တာဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေနဲ့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
အမည်မဖော်လိုတဲ့ နီးစပ်သူတဦးက “နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(က) နဲ့က ၂ နှစ်၊ အကြမ်းဖက်ဥပဒေပုဒ်မနဲ့က ၁၀ နှစ်၊ ပေါင်း ၁၂ နှစ် အလုပ်နဲ့ထောင်ဒဏ် အမိန့်ချလိုက်တာ၊ ဟုတ်တယ်” လို့ ပြောပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က အဖမ်းခံခဲ့ရပြီး တပ်တွင်းဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၀(ည) တို့နဲ့ ကလေးအကျဉ်းထောင်မှာ ချုပ်ေနှာင်တရားစွဲခံခဲ့ရကာ ထောင်တွင်းတရားရုံးကနေ ၁ နှစ်ခန့်ကြာ အမှုစစ်ဆေးပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလထဲမှာ သူတို့ကို အလုပ်နဲ့ထောင်ဒဏ် အမိန့်ချလိုက်တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၉ ဦးမှာ အသက် ၁၈ နှစ်ကနေ ၂၀ ဝန်းကျင်ရှိ ချင်းတိုင်းရင်းသူ မန်လွန်းဒိမ်း၊ ညောင်ဒွန့်ကျင်၊ မားလ်ဆောမ်ဒေါင်းအီး၊ လားလ်တန်လွေးအီ၊ ဇမ်ဇိုးဇာမ်၊ လားလ်လွန်စန်းအီး၊ လားလ်မွမ်းကိမ်းအီး၊ ဗန်လားရွန်းအီးနဲ့ မလားလ်ပျန်းဖဲလ်အီးတို့ ဖြစ်တယ်လို့ မိသားစုအသိုင်းအဝိုင်းက ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ နိုဝင်ဘာ ၂၇ ရက်က ဒေသခံ PDF အဖွဲ့ဝင်တဦး မြို့ထဲကို သွားစဉ် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
PDF အဖွဲ့ဝင် ကိုဇင်မျိုးဟိန်းဟာ တာဟန်းမီးပွိုင့်အနီးမှာ စစ်ကောင်စီတပ်သားတွေက ခရီးသွားဒေသခံတွေနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေစဉ် ဖမ်းဆီးခံလိုက်ရတာလို့ ကလေး PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။
“ကိုဇင်မျိုးဟိန်းအတွက် စိုးရိမ်နေတယ်ဗျ။ စစ်ကြောရေးကလည်း သိတဲ့အတိုင်းပဲ နှိပ်စက်ညှဉ်းပန်းတယ်။ တချို့တွေဆို ဒဏ်မခံနိုင်လို့ သေတာတွေရှိတယ်။ တချို့ဆို ပစ်သတ်တာတွေလည်း ရှိတယ်။ ကျနော်တို့အနေနဲ့ စိုးရိမ်စိတ်ပူနေရတယ်။”
ကိုဇင်မျိုးဟိန်း ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က မနေ့က မနက် ၁၀ နာရီခွဲခန့်က ကလေးမြို့၊ တာဟန်းမီးပွိုင့်အနီးမှာ အများပြည်သူတွေ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေက မသင်္ကာဖွယ် ဆိုင်ကယ် ၁ စီးကို စစ်ဆေးခဲ့ရာ ပန်းမွန်ချောင်းကျေးရွာအနီးမှာ PDF သင်တန်း တက်ရောက်ခဲ့တဲ့ ဇင်မျိုးဟိန်းကို ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လတ်တလော ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ အကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း မြို့တွင်းကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။