စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ရေနီကျေးရွာကနေ မိုးတားလေးဘက်ကို စစ်ကောင်စီ သင်္ဘောလုံခြုံရေးတွက် တက်လာတဲ့ ရှေ့ပြေးစစ်ကြောင်း မေလ ၂၅ ရက်က တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၇ ယောက်လောက် သေဆုံးသွားတယ်လို့ ဒေသခံ PDF တပ်ဖွဲ့ထံက သိရပါတယ်။
ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “တက်လာတဲ့ စစ်ကြောင်းကို မနက် ၈ နာရီ ဝန်းကျင်လောက်မှာ မြေနုကျွန်းကျေးရွာနားက ဘုရားကုန်းမှာ ကသာ (ပကဖ) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စကစ စစ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်။ သူတို့(စကစ) ဘက်က ၇ ယောက်လောက် သေတယ်၊ ကျနော်တို့ဘက်က လက်နက်ကြီးထိလို့ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်” လို့ပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်ဒဏ်ရာရတဲ့ အရေအတွက်နဲ့ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။
တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နောက်ဆုတ်ပေးခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်းနဲ့ သင်္ဘောသုံးစီးက အထက်ဘက်ကို ဆန်တက်သွားတယ်လို့ သိရပါတယ်။
အထက်ကို ဆန်တက်လာတဲ့ စကစ သင်္ဘောသုံးစီးကို 107 ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့ပေမဲ့ လွဲချော်ခဲ့တယ်လို့ သိရတယ်။
စစ်ကောင်စီ သင်္ဘောသုံးစီးဟာ မန္တလေးကနေ ကချင်ပြည်နယ်ကို လူအင်အားနဲ့ လက်နက် အင်အားတွေပို့ဖို့အတွက် တက်လာတဲ့ သင်္ဘောဖြစ်ပြီး မေလ ၁၇ ရက်တုန်းကလည်း ထီးချိုင့်မြို့နယ်ထဲမှာ တိုက်ခိုက်ခံခဲ့ရပါတယ်။
ကသာမြို့နယ်ထဲမှာ မေလ ၁၉ ရက်ကလည်း သင်္ဘောလုံခြုံရေးယူပေးတဲ့ စစ်ကောင်စီ တပ်သားတွေက အင်းရွာအုပ်စုထဲက ကျေးရွာသုံးရွာကို မီးရှို့ခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့်ပြည်သူ တယောက်သေဆုံးခဲ့ကာ ၇ ယောက် ဒဏ်ရာရှိခဲ့ပါသေးတယ်။
သင်္ဘောလုံခြုံရေးအတွက် မြစ်ဘေးဝဲယာ လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်သားတွေထဲကနေ CDM ပြုလုပ်လာတဲ့ ပြည်သူ့စစ်သား ၇ ယောက်ရှိလာပြီလို့လည်း ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
မေလ ၁၉ ရက်က ၅ ယောက်နဲ့ မေလ ၂၄ ရက်က ၂ ယောက် စုစုပေါင်း စစ်ကောင်စီတပ်သား ၇ ယောက် အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်လာတာဖြစ်ပြီး လက်နက်တွေတော့ ပါမလာဘူးလို့ ကသာ PDF တပ်ဖွဲ့က ပြောပါတယ်။
CDM လုပ်လာတဲ့ ပြည်သူ့စစ်သားတွေကို ကသာပြည်သူ့ရင်ခွင်ကော်မတီကနေတဆင့် လွတ်မြောက်နယ်မြေကို ပို့ဆောင်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် နတ်လှိုင်ကျေးရွာအနီးလယ်ကွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီ ၂၂ ရက် မနက် ၇ နာရီလောက်က တိုက်ပွဲဖြစ်ပွားကြရာမှာ စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ကသာ PDF က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအပြီးမှာ စစ်ကော်စီတပ်က ကသာမြို့ထဲကို ထမ်းစင်တွေနဲ့ထမ်းပြီး ရပ်ကွက် (၅) သင်္ချိုင်းလမ်းကို ဝင်သွားကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး လက်နက်စထိမှန်ခဲ့ပြီး နတ်လှိုင်ရွာက လူနေအိမ်ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
၂ နာရီလောက်ကြာမြင့်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ကသာမြို့ ၃၀၂ တပ်ရင်းက ၁၂၀ မမလို့ ယူဆရတဲ့ လက်နက်ကြီး ၆ လုံးနဲ့ နတ်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ၆၀ မမ တွေနဲ့ အဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူတွေ လက်နက်ကြီးအစ ထိမှန်ထိခိုက်ခဲ့တာလို့ ကသာ PDF က ဆိုပါတယ်။
အဆိုပါတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းအဖွဲ့ဘက်က အကျအဆုံး အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကသာ PDFပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာလည်း ပျူစောထီးသင်တန်းတက်ဖို့ လိုက်လံစည်းရုံးနေသူ အင်မထီးရွာသားတဦး မနေ့ညက အသတ်ခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ကျေးရွာသားတစ်ဦးကေ”စစ်ကောင်စီထောက်ခံနေသူတစ်ဦးလည်း ဖြစ်တယ်။ဒီရက်ပိုင်းအတွင်း ပျူစောထီး စစ်သင်တန်းဖွင့်ဖို့ လိုက်လံစည်းရုံးနေတယ်လို့တော့ သတင်းတွေထွက်နေတာတော့ကြာပြီပဲ။ အသတ်ခံရတာတော့ မနေ့ညပိုင်းက အသက်ခံလိုက်ရတာ။ ဘယ်အဖွဲ့က သတ်တာဆိုတာကိုကတော့ အတိကျမသိရဘူး။ မျက်နာတွေလည်း မျက်နှာဖုံးတွေစွပ်ထားကြတာ။ ဒေသတွင်း တော်လှန်ရေးသမားတွေ ကအကြိမ်ကြိမ်တော့ သတိပေးတာတွေရှိခဲ့တယ်။ သူကိုယ်တိုက်က ရှေ့ဆက်တိုးတာဆိုတော့ အသက်ခံရတာပေါ့” လို့ ပြောပါတယ်။
ဇန်နဝါရီလဆန်းပိုင်းကစတင်ပြီး ပုလဲမြို့နယ်ပြည်သူကာကွယ်ရေးတပ် PDF ခေါင်းဆောင် ကို ဖမ်ဆီးဖို့ရာ စစ်အင်အားအလုံးအရင်းနဲ့ နယ်မြေစိုးမိုးမှုရအောင် နေ့စဉ်ဆိုသလို တောနင်းရှာဖွေ နေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။