ရခိုင်ပြည်နယ်ရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား/ ကျောင်းသူတွေကို စစ်ကောင်စီက ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အောက်တိုဘာ ၁၇ ရက် မနက် ၉ နာရီက စတင် ထိုးနှံပေးခဲ့ပါတယ်။
စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား/သူ နှစ်သိန်းလောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
Sinovac အမျိုးအစား ကိုဗစ်ကာကွယ်ဆေးအား အစိုးရစာသင်ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက ကျောင်းသူ/ကျောင်းသားတွေအား ထိုးပေးနေတာပါ။
ရခိုင်ပြည်နယ်ရှိ ၁၆ မြို့နယ်ကို ဒီနေ့မနက် စတင်ကာ တစ်ပြိုင်တည်းထိုးပေးနေတာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ မာန်အောင်မြို့နယ်ကိုလည်း ကာကွယ်ဆေး ကြိုးစားပို့ပေးနေတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
ဓာတ်ပုံ - MPA
မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှာ သြဂုတ် ၆ ရက်မနက်ကစပြီး အကျဉ်းသား ၆၀၀ ကို ကိုဗစ်-၁၉ ရောဂါကွယ်ဆေးထိုးပေးခဲ့တယ်လို့ သထုံဆေးရုံတာဝန်ရှိသူထံက သိရပါတယ်။
သထုံဆေးရုံ တာဝန်ရှိသူက “ဒီမနက်က ကျမတို့ သထုံက အကျဉ်းထောင်မှာရှိတဲ့အကျဉ်းသားတွေ ကိုဗစ် ကာကွယ်ဆေး စတင်ထိုးမယ်။ အခုက သထုံအကျဉ်းထောင်မှာ အကျဉ်းသား ၆၀၀ လောက်ရှိတယ်။ သူတို့အကုန်လုံးကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးခဲ့တယ်။”လို့ ပြောပါတယ်။
ရန်ကုန်နဲ့ မန္တလေးအပါအဝင် တခြားဒေသတွေမှာ ရှိတဲ့ အကျဉ်းထောင်တွေမှာလည်း ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေပြီး သထုံအကျဉ်းထောင်မှာတော့ အခုမှ အကျဉ်းသားတွေ ပထမဆုံးအကြိမ် စတင်ထိုးပေးတာဖြစ်ပါတယ်။