close

ကာကွယ်ဆေးသစ်

close

November 29, 2021

အိုမီခရွန်ဗီဇမျိုးကွဲအတွက် ကာကွယ်ဆေးသစ် လာမည့်လဆန်းပိုင်း အဆင်သင့်ဖြစ်နိုင်ဟု မိုဒါနာပြော

ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန် ဗီဇမျိုးကွဲအတွက် ကာကွယ်ဆေးအသစ် လာမယ့်နှစ်ဆန်းပိုင်းမှာ အသင့်ဖြစ်ဖို့ အလားအလာရှိတယ်လို့ မိုဒါနာ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းအကြီးအကဲ ဆေးဘက်ဆိုင်ရာအရာရှိချုပ် ဒေါက်တာပေါလ်ဘာတွန်က နိုဝင်ဘာ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။

လက်ရှိ ရှိထားပြီးသား ကာကွယ်ဆေးတွေက အိုမီခရွန်ကို ကာကွယ်ပေးနိုင်မလားဆိုတာ သိရဖို့ သီတင်းပတ် နှစ်ပတ်လောက် အချိန်ယူရဦးမယ်လို့ သူက ဘီဘီစီသတင်းဌာနရဲ့ အန်ဒရူးမားစ် အစီအစဉ်မှာ ပြောပါတယ်။

“၂၀၂၂ နှစ်ဆန်းပိုင်းမှာ ပမာဏ အမြောက်အမြား တကယ့်ကို ရနိုင်လိမ့်မယ်လို့ ကျနော် ထင်တယ်။ လူထုက အခု အရေးယူဆောင်ရွက်ရမယ့် အရေးအကြီးဆုံးလုပ်ရပ်က ကာကွယ်ဆေးထိုးနှံကြဖို့နဲ့ ဆေးအာနိသင် ဆက်ထိန်းထားမယ့် ဆေးစွမ်းမြှင့်ထိုးဆေးကို ထိုးနှံကြဖို့ပဲ။ ဒီဗိုင်းရပ်စ်ဟာ အန္တရာယ်ရှိပုံရပေမယ့် ကျနော်တို့မှာ ပြန်တိုက်နိုင်တဲ့ နည်းလမ်း တန်ဆာပလာတွေ လက်နက်တိုက်ထဲမှာ အများအပြားရှိတယ်လို့ ထင်တယ်။ ကျနော် အကောင်းမြင်ထားပါတယ်။”

အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်ခံရလို့ ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေဟာ အနုစား ဖြစ်ပြီး အိမ်မှာတင် ကုသလို့ ရနိုင်ကြောင်း ဗီဇမျိုးကွဲကို စတင်သံသယရှိတဲ့ တောင်အာဖရိက ဆရာဝန်က နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။

ကူးစက်ခံ လူနာတွေဟာ အနံ့ အရသာ မပျောက်သလို သွေးတွင်းအောက်ဆီဂျင် အကြီးအကျယ် ကျဆင်းတာမျိုးလည်း မရှိဘူးလို့ တောင်အာဖရိက ကျန်းမာရေးဝန်ကြီးဌာန ကာကွယ်ဆေးဆိုင်ရာ အကြံပေးကော်မတီဝင် ဒေါက်တာအိန်ဂျလစ်ကိုအစ်ဇီက ပြောပါတယ်။

သူကုသပေးရတဲ့ အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်ခံ ၅၀ ရာခိုင်နှုန်းနီးပါးက ကာကွယ်ဆေး မထိုးရသေးတဲ့လူတွေဖြစ်လို့ ဗီဇမျိုးကွဲက ကာကွယ်ဆေးကို ကျော်နိုင်တယ်လို့ အတည်မပြုရသေးကြောင်းလည်း သူက ပြောပါတယ်။

အိုမီခရွန် ဗီဇမျိုးကွဲဟာ ခုတော့ ကမ္ဘာတလွှားကူးစက်နေပြီး နယ်သာလန်မှာ ၁၃ ယောက်၊ ဒိန်းမတ်နဲ့ ဩစတြေးလျမှာ ၂ ယောက်စီ ရှိပြီး ခရီးသွားကန့်သတ်ချက် ပိုတင်းတင်းကျပ်ကျပ် ချမှတ်တဲ့ နိုင်ငံတွေ များလာနေပါပြီ။

ဗြိတိန်မှာလည်း ကူးစက်ခံ ၂ ယောက် တွေ့ခဲ့လို့ အစိုးရက နိုဝင်ဘာ ၂၇ ရက်ကစပြီး ကန့်သတ်ချက် အသစ်တွေကို ကြေညာခဲ့ပါတယ်။

ကူးစက်မှု နှေးစေဖို့ ဗြိတိန်နိုင်ငံထဲကို ရောက်လာတဲ့ လူတွေအပေါ် စည်းမျဉ်းတင်းကျပ်ခဲ့သလို အင်္ဂလန်နယ်အတွင်း ခရီးသွားချိန်နဲ့ လက်လီဆိုင်တွေထဲ ဝင်ထွက်ချိန်မှာ ပါးစပ် နှာခေါင်းစည်းတွေကို မဖြစ်မနေ ဝတ်ဆင်ကြဖို့ အမိန့်ထုတ်ထားပါတယ်။

8 mins Ago

November 12, 2020

အားတက်ဖွယ်ရာ ရလဒ်ကောင်းနဲ့ ပွဲထွက်လာတဲ့ COVID-19 ကာကွယ်ဆေးသစ်

COVID-19 ရဲ့ ကမ္ဘာနဲ့အဝှမ်း ထိခိုက်ပျက်စီးစေမှုတွေကြောင့် လူတိုင်းက ရောဂါကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေ;ကို တောင့်တနေကြတာပါ။ ဆေးဝါးကုမ္ပဏီတွေကလည်း အမျိုးမျိုးစမ်းသပ်တီထွင်မှုတွေ ပြုလုပ်နေကြပါတယ်။ ဒီလိုစမ်းသပ်မှုတွေကြားထဲကနေ ရလဒ်ကောင်းတွေနဲ့ ဆေးဝါးသစ်တစ်မျိုးတော့ ထွက်ပေါ်လာခဲ့ပါပြီ။ ထိပ်တန်း ဆေးဝါးထုတ်လုပ်သူဖြစ်တဲ့ Pfizer ရဲ့ ဆေးဝါးသစ်ဟာ ရလဒ်ကောင်းတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ စမ်းသပ်မှုတွေအရ ဆေးဝါးသစ်ရဲ့ ရောဂါကာကွယ်နိုင်စွမ်းက ၉၀% ကျော် ထိရောက်မှုရှိတယ်လို့ သူတို့က တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လူပေါင်း ၁.၂ သန်းကျော်ရဲ့ အသက်ကိုနှုတ်ယူသွားတဲ့ ရောဂါဆိုးကြီးကို တိုက်ထုတ်ရာမှာ တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်တော့မယ့် ဟန်ပါပဲ။ တစ်ကမ္ဘာလုံးက စိုးရိမ်ပူပန်နေသူတွေအတွက်လည်း သတင်းကောင်းဖြစ်လာနိုင်ခြေများနေပြီလို့ ဆိုရမှာပါ။ Fortune 500 စာရင်းဝင် အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီး Pfizer ဟာ ဂျာမန်ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ BioNTech နဲ့ ပူးပေါင်းပြီး COVID-19 ကာကွယ်ဆေးထုတ်လုပ်ဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးအဆင့် စမ်းသပ်မှုရလဒ်တွေကို ထုတ်ပြန်လိုက်ရာမှာတော့ အားရဖွယ်ရာ အချက်အလက်တွေ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိရလဒ်တွေဟာ ပထမအဆင့် သုံးသပ်ချက်ရလဒ်တွေသာဖြစ်ပြီးတော့ ဘက်မလိုက်ပြင်ပပညာရှင်တွေရဲ့ သုံးသပ်ချက်တွေ ထပ်မံလိုအပ်ဦးမှာဖြစ်ပါတယ်။ ဆေးဝါးသစ်က ဘယ်လောက်ထိရောက်မှုရှိသလဲ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာတော့ ဆေးဝါးသစ်ဟာ ရောဂါကို တားဆီးနိုင်စွမ်းကောင်းမွန်ပြီး သုတေသနရလဒ်တွေအရဆိုရင် ၉၀% ကျော်အထိ ကာကွယ်နိုင်တယ်လို့ ဆိုထားပါတယ်။ အထူးသဖြင့် စေတနာ့ဝန်ထမ်း စမ်းသပ်ခံသူတွေအားလုံးမှာ သိသာထင်ရှားတဲ့ ရောဂါကူးစက်ခံရမှုလက္ခဏတွေ မပြသခဲ့ဘူးလို့ ဆိုထားတာပါ။ အထူးခြားဆုံးအချက်ကတော့ လူ ၃၉၈၆၂ ဦးကို စမ်းသပ်ခဲ့တဲ့ အချိန် ၂ လတာကာလအတွင်း ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာ ပြသခြင်းမရှိခဲ့တာပါပဲ။ Pfizer မတိုင်ခင်တုန်းက နောက်ဆုံးစမ်းသပ်မှုအဆင့်အထိ ရောက်ရှိခဲ့တဲ့ ဆေးဝါးတစ်ချို့ဟာ ဘေးထွက်ဆိုးကျိုးရှိခဲ့တာကြောင့် ခုရလဒ်ဟာ အတော်လေး အားရဖွယ်ရလဒ်ဖြစ်လာပါတယ်။ နည်းပညာကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်တာကြောင့် ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်စွမ်းကို နှိုးဆွပေးနိုင်စေဖို့ ဆေးကို အသုံးမပြုခင်မှာ အနှုတ် ၇၀ ဒီဂရီ ဆဲလ်စီးယပ်စ်မှာ ထိမ်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ဒီအချက်ဟာ လူအများအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ ဒီလို အအေးဒီဂရီမျိုးထိမ်းသိမ်းနိုင်ဖို့ လိုအပ်နေတာကြောင့် သာမန်ဆေးပေးခန်းတွေမှာ ကာကွယ်ဆေးထိုးနှံဖို့ ခက်ခဲလာမှာတော့ အမှန်ပါပဲ။ ဆေးဝါးတီထွင်သူတွေဟာ ကလေးတွေအတွက်လည်း ထည့်သွင်းစဉ်းစားခဲ့ကြပါတယ်။ ဆေးဝါးကို စတင်စမ်းသပ်ချိန်တုန်းက ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသူတွေကိုသာ စမ်းသပ်ခဲ့တာဖြစ်ပေမယ့် ခုချိန်မှာတော့ ၁၆ နှစ်အထိ အသက်အရွယ် လျှော့ချသတ်မှတ်နေပါတယ်။ ဒါပေမယ့်လည်း ၁၆ နှစ်အောက်ကလေးတွေမှာ အဆင်ပြေနိုင်သလားဆိုတာကိုတော့ သေချာမသိနိုင်သေးပါဘူး။ မကြာခင်မှာတော့ ၁၂ နှစ်အောက်ကလေးတွေမှာ စမ်းသပ်သွားဖို့ရှိတယ်လို့ ဆိုထားပါတယ်။ ကုမ္ပဏီကြီးကတော့ သူတို့ရဲ့ ဆေးဝါးအပေါ် အပြည့်အဝယုံကြည်မှုရှိနေတာမို့ ယခုလကုန်မှာ FDA အသိအမှတ်ပြုမှုရရှိဖို့အတွက် ခွင့်ပြုချက်တောင်းခံထားပြီး FDA Approved ရရှိရင် တရားဝင်ဆေးဝါးအဖြစ် ဖြန့်ချိသွားဖို့ စီစဉ်နေပါတယ်။ အဆိုပါဆေးဝါးကို ယခုနှစ်ကုန်မှာ ၁၅ သန်းကနေ သန်း ၂၀ အထိ ထုတ်လုပ်သွားဖို့ရှိနေကြောင်းလည်း ဆေးဝါးကုမ္ပဏီဘက်ကဆိုထားပါတယ်။ တစ်ဖက်မှာလည်း အစောပိုင်းကကြုံခဲ့ရတဲ့ အတွေ့အကြုံတွေအရ ကနဦးရလဒ်တွေအပေါ် လွန်လွန်ကဲကဲ ယုံကြည်မှုမထားဖို့ သတိပေးမှုတွေလည်း ရှိနေပါတယ်။ ရေရှည်လုံခြုံစိတ်ချရမှုကို ဦးစားပေးဖို့အတွက် အချိန်လုံလုံလောက်လောက်ယူဖို့ ဆေးသိပ္ပံပညာရှင်တစ်ချို့က တိုက်တွန်းနေကြတာပါ။ အထူးသဖြင့် FDA Approved ရရှိထားပြီးဖြစ်ပေမယ့် သိသာထင်ရှားတဲ့ ထိရောက်မှုမျိုးမပြသနိုင်ဖြစ်နေတဲ့ COVID-19 ရောဂါကုသဆေး Remdesivir နဲ့ ကနဦးရလဒ်ကောင်းမွန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေပေါ်ထွက်လာတာကြောင့် ရပ်တန့်လိုက်ရတဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်ရဲ့ COVID-19 ကာကွယ်ဆေးတွေကို ဥပမာပေးပြီး သတိပေးနေကြတာဖြစ်ပါတယ်။ Pfizer ကတော့ သူတို့ရဲ့ဆေးဝါးကို ယုံကြည်မှုအပြည့်အဝထားနေပြီး အစောဆုံးဇန်နဝါရီလမှာ မမျှော်မှန်းနိုင်လောက်တဲ့ အရှိန်နှုန်းနဲ့ ဆေးဝါးတွေဖြန့်ချိပြီး ဈေးကွက်ကို လက်ဝါးကြီးအုပ်ဖို့ ရည်မှန်းနေပါတယ်။ ဆေးဝါးသစ်အနေနဲ့ မျှော်မှန်းထားသလို ရလဒ်ကောင်းတွေနဲ့ လူသားတွေရင်ဆိုင်နေရတဲ့ ရောဂါဆိုးကြီးကို ကာကွယ်ပေးနိုင်မလား၊ ရှေ့က စမ်းသပ်ချက်တွေလို အဖျားရှူးသွားမလားဆိုတာကိုတော့ လာမယ့် အချိန်တိုကာလလေးအတွင်းမှာ သိရတော့မှာဖြစ်ပါတယ်။ ရေးသားသူ  ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ  ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။  
1 year Ago
Up