စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်မှာ မွေးကင်းစ ကလေးငယ်တွေ ထိုးနှံရမယ့် ကာကွယ်ဆေး အမျိုးမျိုးကို ကလေးငယ်အများအပြား ထိုးနှံ့ခွင့် မရသေးဘူးလို့ ကလေးမိဘတွေဆီက သိရပါတယ်။
မွေးကင်းစကနေ အသက် ၂ နှစ်အရွယ်အထိ ထိုးနှံရတဲ့ ကာကွယ်ဆေးတွေကို မြို့နယ်အတွင်း တိုက်ပွဲတွေနဲ့ ဒေသတွင်း မတည်ငြိမ်တာတွေကြောင့် သွားလာရေးခက်ခဲပြီး ကလေးငယ်အများစု ကာကွယ်ဆေးထိုးဖို့ အခက်အခဲဖြစ်နေတာပါ။
ကလေးမိခင်တဦးက "ကျမကလေးလည်း မွေးစတုန်းကပဲ ဆေးထိုးလိုက်ရတယ်။ နောက်ပိုင်း မထိုးရတော့ဘူး။ မွေးစ ကလေးတွေက စပြီး အသက် ၂ နှစ်အရွယ်ထိ ထိုးရတဲ့ ကာကွယ်ဆေးတွေ မထိုးနှံရတဲ့သူတွေ များတယ်။ တိုက်ပွဲတွေဖြစ်တယ်။ ဗန်းမောက်ကို ဆေးတွေ မရောက်ဘူး။ တချို့တွေကတော့ တခြားမြို့နယ်တွေမှာ ဆေးသွားထိုးကြတာရှိတယ်။ တိုက်ပွဲတွေကလည်း ဖြစ်နေတော့ မသွားရဲဘူး" လို့ ပြောပါတယ်။
ဗန်းမောက်မြို့နယ်ကျန်းမာရေးဌာနမှာ ဆေးမရှိတဲ့အတွက် ကလေးငယ်တချို့ဟာ တခြားမြို့နယ် တွေကို သွားရောက်ပြီး ကာကွယ်ဆေး ထိုးနှံကြရတာပါ။
ကျန်းမာရေးဌာနနဲ့ နီးစပ်သူတဦးက "ကာကွယ်ဆေးထိုးရမယ့် တချို့ကလေးတွေက နီးစပ်ရာ မြို့တွေကို သွားထိုးကြတာရှိတယ်။ ကျန်းမာရေးဌာနမှာလည်း အခက်အခဲတွေရှိတယ်။ ဆေးတွေ က မရောက်လာဘူး။ နောက်ပြီး တိုက်ပွဲတွေဖြစ်ပြီး တည်ငြိမ်မှုမရှိတော့ ဝန်ထမ်းတွေလည်း ကျေးလက်ကျန်းမာရေးဌာနတွေကို သွားရောက်ဆေးကုသမှု မပေးနိုင်ဘူး။ ကျေးလက် ကျန်းမာရေးဌာန အများစုကလည်း ပိတ်ထားတယ်" လို့ ပြောပါတယ်။
မွေးစမှ အသက် ၂ နှစ်အထိ အသက်အရွယ်အလိုက် ထိုးနှံရတဲ့ ကာကွယ်ဆေးအမျိုးအစား ၂၀ လောက် ရှိကာ ကာကွယ်ဆေးထိုးခွင့်မရတာဟာ စိုးရိမ်ဖွယ်အခြေအနေဖြစ်နေပြီး ကာကွယ်ဆေးနဲ့ ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါတွေ ဖြစ်လာနိုင်ချေရှိနေတယ်လို့ UNICEF နဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က သတိပေးထားပါတယ်။
၂၀၂၂ ခုနှစ်အတွင်း UNICEF က ထုတ်ပြန်တဲ့ စာရင်းအရ ကာကွယ်ဆေးမထိုးရတဲ့ ကလေး အများဆုံးရှိတဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ အီသီယိုးပီးယား၊ ဖိလစ်ပိုင်၊ မြန်မာနဲ့ မိုဇမ်ဘစ်နိုင်ငံတွေ ပါဝင်ပါတယ်။
ဗြိတိန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူရင်းနဲ့ အိုမီခရွန် မျိုးကွဲနှစ်မျိုးလုံးကို ပစ်မှတ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အတည်ပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါပြီ။
ယူကေ ဆေးဝါးကွပ်ကဲရေးရုံး (MHRA) ဟာ အရွယ်ရောက်ပြီးသူတွေအတွက် အားဖြည့်ဆေး အဖြစ် ယူအက်စ် ဆေးကုမ္ပဏီ မိုဒါးနားကထုတ်လုပ်တဲ့ ဘိုင်ဗေးလန့် ကာကွယ်ဆေးကို အတည်ပြုခဲ့တာပါ။
ဒီကာကွယ်ဆေးဟာ အိုမီခရွန် (BA.1) နဲ့ မူရင်း ၂၀၂၀ ဗိုင်းရပ်စ်နှစ်မျိုးလုံးကို ဆန့်ကျင်တဲ့ ‘ပြင်းထန်တဲ့ ကိုယ်ခံအားတုံ့ပြန်မှု’ ကို ဖြစ်ပေါ်စေကြောင်း ပြသတဲ့ လက်တွေ့စမ်းသပ်မှု ဒေတာပေါ်မှာ အခြေခံထားတယ်လို့ အေဂျင်စီက ပြောခဲ့ပါတယ်။
MHRA ဟာ လက်ရှိ လွှမ်းမိုးနေတဲ့ အိုမီခရွန် offshoots BA.4 နဲ့ BA.5 တို့ကို ဆန့်ကျင်တဲ့ ကောင်းတဲ့ခုခံအားတုံ့ပြန်မှုကို ထုတ်ပေးတယ်လို့လည်း စူးစမ်းလေ့လာဆန်းစစ်ချက်တခုကို ကိုးကားဖော်ပြပါတယ်။
MHRA အမှုဆောင်အရာရှိချုပ် ဂျွန်ရိန်းက “ယူကေမှာသုံးနေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးရဲ့ ပထမမျိုးဆက်ဟာ ရောဂါကို ကာကွယ်ဖို့နဲ့ အသက်တွေကိုကယ်ဖို့ ဆက်သုံးနေမယ်” လို့ ပြောပါတယ်။
“ဒီ ဘိုင်ဗေးလန့် ကာကွယ်ဆေးဟာ ဗိုင်းရပ်စ်က ဗီဇမျိုးကွဲတွေ ဆက်ပြီး ဆင့်ကဲ တိုးတက်ပေါ်ထွန်းနေလို့ ကိုဗစ်-၁၉ ကပ်ရောဂါကနေ ကျနော်တို့ကို ကာကွယ်ရာမှာ ကူညီမယ့် လက်နက်တိုက်ထဲက ထက်မြက်တဲ့ ကိရိယာတခုပဲ” လို့လည်း သူက ပြောခဲ့ပါတယ်။