အာဏာသိမ်း စစ်ခေါင်းဆောင်က သူ့လက်ထက်မှာ စီးပွားရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းမှုရှိတာကို ဝန်ခံထားပေမယ့် ပြည်ပဖိအားကြောင့်ဆိုပြီး ဆင်ခြေပေးပြောဆိုတဲ့ အပေါ် စီးပွားရေးသုတေသီတွေက ထောက်ပြဝေဖန်ပြောဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
နိုင်ငံတကာရဲ့ဝိုင်းဝန်းပိတ်ဆို့မှုတွေ၊ ပြည်ပသွေးထိုးလှုံ့ဆော်မှုတွေအရ ဘဏ်လုပ်ငန်းတွေကို ယုံကြည်မှုကျဆင်းပြီး ပုံမှန်မလည်ပတ်နိုင်တဲ့အတွက် ဘဏ်လုပ်ငန်းမှာ ငွေသား လည်ပတ်စီးဆင်းမှု ခက်ခဲခဲ့ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှု ကျဆင်းစေရေးဖို့ သက်ဆိုင်ရာ နိုင်ငံခြား အဆက်အသွယ်တွေကို တိုက်ရိုက်၊သွယ်ဝိုက် ဖိအားပေးမှုတွေဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ကမ္ဘာတစ်ဝန်းဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သယ်ယူပို့ဆောင်ရေးနဲ့ သွင်းကုန် (လောင်စာဆီနှင့် ကုန်ကြမ်း) ဈေးနှုန်း မြင့်တက်တာ၊ စျေးကွက်မှာ ဝယ်လိုအားကျဆင်းတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
အထက်ပါပြောဆိုချက်နဲ့ပတ်သတ်ပြီး ပြည်ပရောက် စီးပွားရေးသုတေသီတဦးက “အထူးသဖြင့်တော့ ကျနော်တွေ့တာက စီးပွားရေးမကောင်းတာကိုတော့ ဝန်ခံထားတယ်ပေါ့နော်။ ဝန်ခံထားတဲ့အခါကြတော့ ဆင်ခြေတွေ ပေးတာပေါ့ဗျာ။ အထူးသဖြင့် ဘဏ်လုပ်ငန်း မလည်ပတ်တာ၊ နောက်တခါ စစ်အာဏာသိမ်းမှုအပေါ် ဖိအားပေး တဲ့ကိစ္စတွေကြောင့် ဖြစ်တယ်ဆိုပြီးပြောထားတာ တွေ့ရပါတယ်။ နောက်တချက်က သူပြောတဲ့အထဲမှာ ကုန်သွယ်ရေးက ပိုငွေပြတယ်ဆိုတာက ဖြစ်ကောင်းလည်းဖြစ်နိုင်ပါတယ်။ သူတို့ တိုင်းတဲ့ အချိန်ဇယားက ကျနော်တို့ တွက်တဲ့ အချိန်ဇယားနဲ့ တခါတလေ လွဲနေတယ်နော်။ ဥပမာ ဘတ်ဂျက်နှစ်ကို တွက်တဲ့အခါမှာ သူတို့က အန်အယ်လ်ဒီ အစိုးရလက်ထက်မှာလုပ်ထားတဲ့ ကိန်းဂဏန်းတွေလည်း ပါနေတာမျိုးတွေရှိတယ်။ ရှိတော့ ဘတ်ဂျက်ပိုငွေပြမှုရှိတယ်ဆိုပြီး သူတို့ပြောတာ တွေ့ရပါတယ်။ တခါ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သတ်ပြီးတော့ ကျနော် သတိမထားမိဘူး။ ဒါပေမဲ့ ကျနော်ထင်ပါတယ်၊ ရင်းနှီးမြှုပ်နှံ မှုနဲ့ပတ်သတ်လို့ကတော့ ကျသွားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာလအထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ လုပ်ငန်း ၂၇ ခုအတွက် ခွင့်ပြုခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာသန်း ၃,၅၅၂.၃၉၆(၃.၅၅ ဘီလီယံ)၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအလိုက်ခွင့်ပြုပြီး လုပ်ငန်းပေါင်း ၃၇ အတွက် ကျပ်သန်းပေါင်း ၃၃၂,၉၆၆.၃၈၀(၃၃၂.၉၆ ဘီလီယံ) ရှိတယ်လို့သိရပါတယ်။
တခါ ဘဏ်ကိစ္စနဲ့ ပတ်သက်လို့ CDM ဆောင်ရွက်မှုတွေ၊ ပြည်ပနိုင်ငံတွေရဲ့ ဘဏ်တွေဆီမှ ငွေတွေအစုလိုက်၊ အပြုံလိုက် ပြန်လည်ထုတ်ယူဖို့၊ ဘဏ်စနစ်နဲ့ လုပ်ငန်းတွေ ပြိုပျက်စေဖို့ နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေဖို့တို့ အတွက် သွေးထိုးလှုံ့ဆော်ခဲ့ကြတယ်လို့ စစ်ခေါင်းဆောင်က ပြစ်တင်ပြောဆိုထားပါတယ်။
ဒီအပေါ် စီးပွားရေးလေ့လာသုံးသပ်သူတဦးကလည်း “ကျနော်မြင်တာက ဗဟိုဘဏ်က ဒီ့ထက်ပိုပြီးတော့ သူ ထိန်းကျောင်း နိုင်ရမယ်လို့ ထင်ပါတယ်ဗျ။ ဘာလို့လဲဆို ဗဟိုဘဏ်က ညွှန်ကြားချက်တခုထုတ်လိုက်လို့ရှိရင် ပိုပြီးတော့ ကျနော်တို့မှာ ပြဿနာတက်တာ သွားတွေ့နေရတယ်နော်။ နောက်တခုက ကျနော်မြင်တာက ငွေဆိုတဲ့နေရာမှာ ငွေသားချည်းပဲ ပြောတာမဟုတ်ဘူးဗျ။ အွန်လိုင်းပေးချေမှုတွေ အဆင်ပြေနေလို့ရှိရင် ရပါတယ်။ ငွေသားမလိုပါဘူးဗျ။ ဆိုလိုတာက ဒီဂျစ်တယ်ပေးချေမှုအပိုင်းကိုလည်း သေသေချာချာ မပြောင်းနိုင်တာ တွေ့ရတယ်ဗျ။ ပြီးတော့ ငွေကြေးမှာ အဓိကက ယုံကြည်မှုပေါ့။ ယုံကြည်မှုမရှိရင် ငွေသားရဲ့ဖလှယ်မှုတန်ဖိုးအပေါ်မှာ ပြဿနာရှိစေတယ်လေ။ အဲ့တော့ ဘဏ်တွေရဲ့ ပြဿနာက ယုံကြည်မှုတခုတည်းတင်မဟုတ်ဘူးဗျ။ ကိုယ့်ရဲ့စားသုံးသူတွေအပေါ်မှာ ဆက်ဆံတာကလည်း တော်တော် ဆိုးဆိုးဝါးနော်။ ကိုယ့်ပိုက်ဆံကို သွားထုတ်တာမှာ ကိုယ်က အလကားသွားတောင်းနေတဲ့ပုံစံမျိုးနဲ့ ဆက်ဆံတာလေ။ အဲ့တော့ ကျနော်မြင်တာက စစ်ကောင်စီကလည်း ခရိုနီတွေကို ကာကွယ်ပေးနေတယ်လို့ ကျနော် ထင်တယ်ဗျ” လို့ ပြောပါတယ်။
ပြည်တွင်းစီးပွာရေးကိုတော့အလေးထားတဲ့ အတွက် နိုင်ငံခြားရဲ့ ဝေဖန်မှုတွေ ခံနေရတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
“ကျွန်တော်က ပြည်တွင်းစီးပွာရေးကိုတော့အလေးထားတယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ နိုင်ငံခြားကလည်း ဝေဖန်မှုတွေရှိပါတယ်၊ ကျွန်တော်တို့ပြည်တွင်းကို အလွန်အကျွံအားပေးတယ်ဆိုပြီးတော့ ဒါတွေလည်း ဝေဖန်မှုတွေရှိတယ်၊ ကျွန်တော်ထင်ပါတယ်၊ ဒါကတော့ အဖျက်လုပ်ငန်း လုပ်တယ်လို့ထင်ပါတယ်၊ သို့သော်လည်းပဲ ကျွန်တော်တို့အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအနေနဲ့ သိရှိနိုင်ဖို့ကတော့ ကျွန်တော်တို့အနေနဲ့ ပြည်တွင်းရေးကို အင်အားခိုင်မာအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်၊ ဘယ်မှာမှသွားရှာလို့မရပါဘူး ပြည်တွင်းအားကိုပဲရအောင် လုပ်ရမှာဖြစ်ပါ တယ်၊ ပြည်တွင်းစီးပွားရေးအား၊ ပြည်တွင်းနိုင်ငံရေးခိုင်မာမှုအင်အား၊ ပြည်တွင်း ကာကွယ်ရေးစွမ်းပကား၊ ဒီအားသုံးအားကို ကျွန်တော်ဒီရတဲ့အချိန်လေး အတွင်းမှာ ကြိုးစားတည်ဆောက်သွားမယ်ဆိုတာ ကျွန်တော်တင်ပြလိုပါတယ်”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ စစ်အာဏာသိန်းမှုနဲ့ ဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုတို့ကြောင့် မြန်မာ့စီးပွားရေးနဲ့ မြန်မာ ပြည်သူတွေဟာ ပြင်းထန်စွာထိခိုက်ခံစားနေရဆဲဖြစ်လို့ ၂၀၂၁ ဘဏ္ဍာရေးနှစ်၊စက်တင်ဘာလအထိ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းဟာ ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမယ်လို့ တွက်ချက်ထားပါတယ်။
ဒါပေမဲ့ ယခုဘဏ္ဍာဖြစ်တဲ့ ၂၀၂၂ ဘဏ္ဍာရေးနှစ်၊စက်တင်ဘာလအထိ တွက်ချက်မှုမှာတော့ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းက ၁ ရာခိုင်နှုန်းသို့ ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။
ကမ္ဘာ့ကပ်ရောဂါ အခြေအနေနဲ့ ပဋိပက္ခရဲ့ အကျိုးသက်ရောက်မှု၊ နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ဘဏ္ဍာရေးကဏ္ဍတို့မှာ တွေ့ကြုံနေရတဲ့ အခက်အခဲ အနိမ့်အမြင့် အပေါ်မှာသာမက လျှပ်စစ်မီး၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ဒစ်ဂျစ်တယ်နည်းပညာအရ ချိတ်ဆက်နိုင်မှုအပါအဝင် အဓိကဝန်ဆောင်မှုတွေမှာ နှောင့်နှေး ပြတ်တောက်မှုများ ဆက်လက်ရှိနေဦးမယ်လို့ ဆိုပါတယ်။
ကြက်ဥဈေးနှုန်းနဲ့ ပတ်သက်ပြီး ကောလာဟလဖြစ်အောင်၊ ဈေးနှုန်းမြင့်တက်အောင် လုပ်ဆောင်နေတာတွေ့ရပြီး ဥစားကြက် မွေးမြူရေးကို မိမိတို့အနေနဲ့ လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်ကတည်းက အားသွန်ခွန်စိုက် လုပ်ခဲ့လို့ စိုးရိမ်စရာမရှိဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဇူလိုင် ၁၈ ရက်က နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အစည်း အဝေးခန်းမမှာ ကျင်းပတဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသွားတာပါ။
မြန်မာနိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေရော သေဆုံးသူတွေပါ အဆမတန်မြင့်တက်လာ ပြီးနောက် ကိုဗစ်လူနာတွေနဲ့ ပြည်သူတွေက ကိုယ်ခံအားကောင်းအောင် ကြက်ဥဝယ်ယူစားသုံးကြရာက ဈေးကွက်ထဲမှာ ဝယ်လိုအား တက်လာကာ ကြက်ဥဈေးနှုန်းတွေမြင့်တက် ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရချိန်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ကြက်ဥကိစ္စနဲ့ ပတ်သက်လို့ ပြောဆိုလိုက်တာပါ။
လက်ရှိမြန်မာနိုင်ငံမှာ လူဦးရေ ၁ ဒသမ ၆ သန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ပြီး ဒုတိယအကြိမ်ထိုးဖို့ ဆောင်ရွက်နေကြောင်း ၊ ဇူလိုင် ၂၂ ရက်မှာ တရုတ်နိုင်ငံမှ ကာကွယ်ဆေး ၇ သိန်းခွဲ ထပ်မံ ရောက်ရှိမှာဖြစ်သလို ဇူလိုင် ၂၃ ရက်၊ ၂၄ ရက်နဲ့ ဩဂုတ်လ ပထမအပတ်မှာ ကာကွယ်ဆေးတွေ ဆက်လက် ရောက်ရှိလာမှာဖြစ်လို အခုနှစ်အတွင်း လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးဖို့ မျှော်မှန်းဆောင်ရွက်နေတယ်လို့ပြောပါတယ်။
အောက်ဆီဂျင်ကိစ္စနဲ့ ပတ်သက်ပြီးလည်း ပြည်သူ့ဆေးရုံတွေ၊ တပ်မတော် ဆေးရုံတွေ၊ စက်ရုံ၊ အလုပ်ရုံတွေမှာရှိတဲ့ Oxygen Plant တွေကနေ အောက်ဆီဂျင်တွေ ထုတ်လုပ်ပေးနေပြီး ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှလည်း liquid အောက်ဆီဂျင်နဲ့ အောက်ဆီဂျင်အိုးတွေကို နယ်စပ်ကုန်သွယ်ရေးစခန်းတွေက တဆင့် တင်သွင်းပေးနေတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
တကယ့်လက်တွေ့ မြေပြင်မှာတော့ အောက်ဆီဂျင် လိုအပ်နေတဲ့ ကိုဗစ်လူနာ မိသားစုတွေဟာ အောက်ဆီဂျင်အိုးတွေကို ဈေးကြီးပေးဝယ်ယူနေကြရတာ အလိမ်ခံရတာတွေရှိနေပြီး တချို့နေရာတွေမှာ ဝယ်မရအောင် ပြတ်လပ်နေတာပါ။ ဒါ့အပြင် အောက်ဆီဂျင်ဖြည့်ဖို့အတွက်လည်း ပြည်သူတွေဟာ နေ့ရောညပါ တန်းစီစောင့်ယူနေကြရပြီး အောက်ဆီဂျင် အချိန်မီမရလို့ သေဆုံးသူတွေလည်း အများအပြား ရှိနေတာပါ။
အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ နိုင်ငံတဝန်းမှာ လူဦးရေ ၆၉,၈၀၀ စာအတွက် ကွာရန်တင်းစင်တာပေါင်း ၁၉၃၄ နေရာ ပြင်ဆင်ထားကြောင်း၊ Positive လူနာ ၄၅၉၀၀ မှ ၄၆၀၀၀ လောက် ဝင်ဆံ့တဲ့ နေရာပေါင်း ၁၁၁၄ နေရာရှိကြောင်း။ လူနာ ၂၅၅၀၀ အတွက် ကုသရေးစင်တာပေါင်း ၅၆၀ လုပ်ထားပြီး တပ်မတော်မှာ တက်နေတဲ့ ဆေးရုံ နေရာ ၃ နေရာမှာ အကုန်လုံး ကျွေးမွေးထားတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်တွေမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ ၃၁၅ ဦးရှိတဲ့အနက် ဆေးရုံ ဆင်းလာသူ ၁၂၀ ဦး၊ ကုသဆဲ ၁၉၀ ဦး၊ ရောဂါအခံရှိတဲ့ သေဆုံးသူ ၅ ဦးရှိတယ်လို့လည်းဆိုပါတယ်။
မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူ ၂၃၁ ယောက် ရှိခဲ့ပြီး နိုင်ငံတဝန်း စုစုပေါင်းသေဆုံးသူ အယောက် ၅,၀၀၀ ထိရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၈ ရက်ညမှာ ထုတ်ပြန်ပါတယ်။
ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။
မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်လှိုင်းသစ်ဟာ နိုင်ငံတဝန်း ပျံ့နှံ့နေတာနဲ့အမျှ သုသာန်တွေမှာ ပုံမှန်ထက် ပိုများတဲ့ လူသေရုပ်အလောင်းတွေ ရာနဲ့ချီပြီး သင်္ဂြိုဟ်ပေးနေရပြီး ဒေသအသီးသီးမှ မှတ်တမ်းတွေအရ စစ်ကောင်စီထုတ်ပြန်တဲ့ သေဆုံးမှုစာရင်းထက် နေ့စဉ်သေဆုံးသူဦးရေက အဆမတန်ပိုမိုများပြားတယ်လို့ မြေပြင်မှာကွင်းဆင်းဆောင်ရွက်နေတဲ့ ပရဟိတအသင်းအဖွဲ့တွေက ပြောပါတယ်။
Photo-DSINFO