၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ပွဲဦးထွက်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၀ ရက်ညက ယှဉ်ပြိုင်ကစား ကြရာမှာ အိမ်ရှင်ကာတာအသင်းအသင်းက အီကွေဒေါအသင်းကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်သွားပြီး ကမ္ဘာ့ဖလားသမိုင်းမှာ အဖွင့်ပွဲရှုံးနိမ့်တဲ့ ပထမဆုံး အိမ်ရှင်အသင်းအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
အီကွေဒေါအသင်းဟာ ဝါရင့်တိုက်စစ်မှူး ဗလင်စီယာရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ အိမ်ရှင်ကာတာကို အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ကာတာနိုင်ငံ၊ ဒိုဟာမြို့တော်ကနေ မိုင် ၃ဝ လောက်ဝေးတဲ့ Al Bayt အားကစားကွင်းကြီးအတွင်း ပရိတ်သတ် ၆၇၀၀၀ ကျော်ရဲ့ ရှေ့မှာ ကမ္ဘာ့ဖလား ဘောလုံးပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီး တဆက်တည်း အိမ်ရှင်ကာတာနဲ့ အီကွေဒေါအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။
ပွဲစတင်ပြီး ၃ မိနစ်အကြာမှာ အီကွေဒေါအသင်း ကစားသမား ဗလင်စီယာက ခေါင်းတိုက်သွင်းယူခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး လူကျွံဘောသတ်မှတ်ခဲ့ပါတယ်။
ပွဲချိန် ၁၆ မိနစ်မှာတော့ ပင်နယ်တီဧရိယာထဲ ဘောလုံးဆွဲဝင်လာတဲ့ ဗလင်စီယာကို ကာတာဂိုးသမားဟန့်တာခဲ့ရာကနေ ရလာတဲ့ ပင်နယ်တီကို အသင်းခေါင်းဆောင် ဗလင်စီယာကပဲ အမှားအယွင်းမရှိ ကန်သွင်းခဲ့တာပါ။
ဒုတိယဂိုးကိုတော့ ၃၃ မိနစ်မှာ ပါစီယာဒို ဖြတ်တင်ပေးတဲ့ ဘောလုံးကို ဗလင်စီယာကပဲ ဂိုးသွင်းယူခဲ့တာပါ။ ကာတာအသင်း ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ပွဲမပြီးခင်မှာပဲ အိမ်ရှင်အသင်း ပရိတ်သတ်တချို့ ပွဲကြည့်စင်ကနေ ထွက်ခွာခဲ့ကြပါတယ်။
အုပ်စု (A) မှာပါဝင်တဲ့ နှစ်သင်းစလုံးဟာ ဆီနီဂေါနဲ့ နယ်သာလန်အသင်းတို့နဲ့ ထပ်မံယှဉ်ပြိုင်ရဦးမှာ ဖြစ်ပြီး ဒီပွဲရှုံးနိမ့်ခဲ့တဲ့အတွက် အိမ်ရှင်ကာတာအသင်းအနေနဲ့ အုပ်စုအဆင့်ကနေ နောက်တဆင့် ရှုံးထွက်အဆင့်ကိုတက်ရောက်ဖို့ ခက်ခဲ အခွင့်အလန်းနည်းပါးသွားပြီဖြစ်ပါတယ်၊။
အီကွေဒေါအသင်းဟာ ၂၀၁၆ ခုနှစ် နောက်ပိုင်း ကမ္ဘာဖလား ခြေစစ်ပွဲ အောင်မြင်လာတဲ့ အသင်းဖြစ်ပြီး အောင်မြင်မှု မှတ်တမ်းရရှိဖို့ မျှော်မှန်းထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။