ကွန်ဂိုတောင်ပိုင်းဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ လူ ၁၂ ဦး သေဆုံးပြီး ၄၅၀၀ ကျော်ဖျားနာ ရတာဟာ ဇူလိုင်လတုန်းက အင်ဂိုလာနိုင်ငံရှိ ကာတိုကာစိန်တွင်းကနေ နောက်ဆက်တွဲ ဓာတ်ကြွင်း ယိုစိမ့်မှုတွေကြောင့်လို့ ကွန်ဂိုသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက စက်တင်ဘာ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရှီကားပါမြစ် အနီရောင်ပြောင်းသွားပြီး ငါးအမြောက်အမြား သေဆုံးခဲ့တဲ့ ကာ့ဆိုင်းပြည်နယ်ကို သွားကြည့်ခဲ့ပြီးနောက်မှာ ကွန်ဂိုနိုင်ငံဟာ ထိခိုက်ပျက်စီးမှုတွေအတွက် လျော်ကြေးပေးဖို့ တောင်းခံသွားမှာဖြစ်ပြီး ဘယ်လောက်တောင်းခံမယ်ဆိုတာတော့ မပြောနိုင်သေးဘူးလို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၀န်ကြီး အိဗ်ဘာဇေးဘားက ပြောကြားခဲ့ပါတယ်။
ကွန်ဂိုဟာ ညစ်ညမ်းစေသူဘက်က ပေးလျော်မှုမူနဲ့အညီ လျော်ကြေးငွေကို တောင်းခံ သွားမယ်လို့လည်း ဆိုပါတယ်။ လူ ၁၂ ဦး ဘယ်လိုသေဆုံးခဲ့တယ်ဆိုတာတော့ အတိအကျ မပြောပါဘူး။
ကာဆိုင်းပြည်နယ် အုပ်ချုပ်ရေးမှူး ဂျူဒိုးနဲ ဖြဲမဲကတော့ မြစ်ထဲက ငါးကောင်ရေ သိသိသာသာ လျော့နည်းသွားရတဲ့ ဒီယိုစိမ့်မှု ဖြစ်ပွားပြီးနောက်မှာ ရှီကားပါးမြစ်ရေကို မသောက်ဖို့နဲ့ မြစ်ထဲကငါးတွေကို မစားကြဖို့ လူတွေကို တားမြစ်ခဲ့ပါတယ်။
အင်ဂိုလာနိုင်ငံရဲ့ စိန် ၇၅ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးတဲ့ သတ္တုတွင်းကို စီမံကွပ်ကဲတဲ့ ကာတိုကာသတ္တုတွင်းအသင်းကတော့ သေဆုံးမှုနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်ခဲ့ပါဘူး။
ကုမ္ပဏီကတော့ မြစ်တွေထဲကို အနည်အနှစ်တွေစီးဆင်းမှုကို အနည်းဆုံးဖြစ်အောင် ချက်ချင်းဆောင်ရွက်ခဲ့ပြီး ဒီယိုဖိတ်မှုရဲ့သက်ရောက်မှုကို လျော့ပါးစေဖို့အတွက် ထိခိုက်သွားတဲ့ လူမှုအသိုင်းအဝိုင်းတွေ စားနပ်ရိက္ခာထုပ်တွေ လှူဒါန်းခဲ့တယ်လို့ ပြောခဲ့ဖူးပါတယ်။