မြန်မာအာဏာသိမ်း ခေါင်းဆောင်တွေဟာ သူတို့ရဲ့ခေါင်းဆောင်မှုအခန်းကဏ္ဍနဲ့ တာဝန်ဝတ္တရားတွေကို ပျက်ကွက်နေတယ်လို့ မြန်မာနိုင်ငံရဲ့ ကက်သလစ်ခရစ်ယာန် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုက တနင်္ဂနွေနေ့ စိန့်မေရီဘုရားကျောင်း ဝတ်ပြုဆုတောင်းနေ့မှာ ပြောကြားလိုက်ပါတယ်။
အသက်တွေ ဥစ္စာပစ္စည်းတွေ ပျက်စီးဆုံးရှုံးကြရတဲ့ ၁၈ လတာ ကိုဗစ်-၁၉ ရောဂါ ကပ်ဘေး၊ ၇ လတာ ပြည်တွင်းပဋိပက္ခတွေ၊ စိတ်ပျက်မှုတွေ၊ သေဆုံးမှုတွေ၊ စိတ်ပျက်ဝမ်းနည်းရမှုတွေဟာ မြန်မာပြည်သူတွေရဲ့ တိုးတိုးတိတ်တိတ် မျက်ရည်ကျရတဲ့ ညတာတွေကိုရှည်စေတဲ့ သဘာဝဘေးနဲ့ လူလုပ်ကပ်ဘေးတွေကြောင့်ဖြစ်တယ်လို့ ကာဒီနယ်ချားလ်စ်ဘိုက မိန့်ကြားပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်အာဏာသိမ်း ပြီးနောက် မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေကို ကာဒီနယ်ချားလ်စ်ဘိုက ရည်ညွှန်းပြောကြားခဲ့တာပါ။
ဒါပေမဲ့ ပြည်သူလူထုဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျင့်စာရိတ္တနဲ့ ရက်ရောမှုတွရှိကြလို့ ကြီးမြတ်ကြပါတယ်လို့လည်း ကာဒီနယ်က ပြောကြားပါတယ်။
ပြီးခဲ့တဲ့ ၇ လတာကာလအတွင်း လူတွေသေဆုံးမှုနဲ့ စိတ်ပျက်ရမှုတွေဟာ အသိဉာဏ်ကို ရည်ညွှန်းတဲ့ ဦးခေါင်းရဲ့ ဥပဒေနဲ့စည်းမျဉ်းတွေအပေါ် အခြေခံပြီး ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ ပြည်သူတွေရဲ့ နှလုံးသားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ကာဒီနယ်ဘိုက သူ့ရဲ့ပရိသတ်ကို ဟောပြောရာမှာ သနားကြင်နာတတ်သောနှလုံးသားကို ကိုယ့်ဘ၀တွေထဲကို ခေါ်ဆောင်လာခြင်းအားဖြင့် မိမိကိုယ်ကို ပြန်လည်တည်ဆောက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
စစ်လက်နက်တွေကို ၀ယ်ယူနေတဲ့ စစ်အုပ်စုအဖွဲ့ကလွဲလို့ ကမ္ဘာတဝန်း အချင်းချင်း ချစ်ခြင်းမေတ္တာနဲ့လက်တွဲထားပြီး အာဏာခိုင်မြဲအောင် စည်းလုံးကြဖို့လည်း မိန့်ကြားသွားပါတယ်။
မြန်မာပြည်ထဲက အများပြည်သူ ၀တ်ပြုကိုးကွယ်ရာနေရာတွေနဲ့ အဲဒီနေရာတွေမှာ ခိုလှုံနေကြသူတွေကို လေးစားတန်ဖိုးထားဖို့ အာရှတိုက်ဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်မောင်ဘိုက အနူးအညွတ် မေတ္တာရပ်ခံလိုက်ပါတယ်။
မေ ၂၃ ရက်ညက လွိုင်ကော်မြို့နယ် ကယန်းသာယာရွာက ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ပြည်သူ ၄ ယောက် သေဆုံးပြီး ၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တဲ့အပေါ် အခုလို ထုတ်ပြန်ပြောဆိုလိုက်တာပါ။
အဲဒီပြည်သူတွေဟာ လက်နက်ကိုင်ထားတာမဟုတ်ဘဲ မိသားစုကိုကာကွယ်မှုရဖို့ ဘုရားကျောင်းထဲမှာ ခိုလှုံနေတာ ဖြစ်သလို မြေကျခဲ့တဲ့ သွေးတွေဟာ ညီအစ်ကို တိုင်းရင်းသားတွေရဲ့ သွေးပဲဖြစ်တယ်ဆိုတာ အထူးသတိပြုကြဖို့လည်း သူက ဆိုပါတယ်။
ဘာသာရေးဆိုင်ရာ ရှိခိုးကိုးကွယ်ရာနေရာတွေဟာ ယဉ်ကျေးမှုထုံးစံအရ အများပြည်သူဆိုင်ရာ နေရာတွေ ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာသတ်မှတ်ချက်တွေအရ အကာအကွယ်ပေးရတဲ့ အဆောက်အအုံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆေးရုံတွေ၊ စာသင်ကျောင်းတွေဟာလည်း အကာအကွယ်ရရှိပြီး လုံခြုံတဲ့နေရာတွေအဖြစ် သတ်မှတ်ခံထားရတယ်ဆိုတာ သတိပြုဖို့ လိုတယ် လို့ဆိုပါတယ်။
သဘောထားကွဲလွဲတာတွေဟာ တိုင်းသူပြည်သားတွေအတွက် အင်မတန်ဆိုးရွားတဲ့ အခြေအနေကို ပိုဖြစ်စေပြီး ငြိမ်းချမ်းရေးကပဲ တခုတည်းသောနည်းလမ်းဖြစ်တယ်လို့ သူက ထုတ်ပြန်ပြောဆိုပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ အဖြစ်အပျက်တွေ ရပ်တန့်ဖို့ အထူးလိုအပ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုလည်း စစ်ပွဲတွေ အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် သူက မေတ္တာရပ်ခံလိုက်ပါတယ်။