ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို မနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အဖွဲ့ကို တွေ့ဆုံခဲ့တာဟာ မြန်မာပြည် ကက်သလစ် ဘာသာဝင်တွေရဲ့ ဆန္ဒနဲ့ဆန့်ကျင်နေပြီး အင်မတန် ထိတ်လန့် တုန်လှုပ်ဝမ်းနည်းစိတ်ပျက်ကြောင်း Independent Catholics for Justice In Myanmar (ICJM) က ထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံပွဲဟာ မြန်မာပြည် ကက်သလစ် ဘာသာဝင်အားလုံးနီးပါရဲ့ ဆန္ဒနဲ့ ဆန့်ကျင်တဲ့အတွက် ဘာသာဝင်တွေကို ကိုယ်စားမပြုကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီကို မည်သို့သော အကြောင်းပြချက်များအားဖြင့်ဖြစ်စေ အသိအမှတ်ပြုတဲ့ ကာဒီနယ်ချားစ်ဘိုနဲ့ မည်သည့် ပုဂ္ဂိုလ်/အဖွဲ့အစည်းကိုမဆို ICJM အနေနဲ့ ပြင်းထန်စွာ ရှုတ်ချတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီလုပ်ရပ်ဟာ အကြမ်းဖက်အာဏာသိမ်းချိန်ကာလကစပြီး အခုအချိန်အထိ မတရားသတ်ဖြတ်ဖမ်းဆီးခံခဲ့ရသူတွေနဲ့ ဘုရားကျောင်းတွေ ဖျက်ဆီးခံခဲ့ရမှုအပေါ် မျက်နှာလွှဲကာ စော်ကားတာလို့ သတ်မှတ်ကြောင်းလည်း ဖော်ပြထားပါတယ်။
ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်းဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက် ညနေက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ စိန့်မေရီကယ်သီဒြယ် ဘုရားရှိခိုးကျောင်းအနီးရှိ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုရဲ့ ကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ဗိုလ်ချုပ်တချို့ တက်ရောက်ခဲ့တာပါ။
မနေ့က တွေ့ဆုံပွဲ မိန့်ခွန်းမှာ ကာဒီနယ်ချားဘိုက “ခရစ္စမတ်အခါရက်မြတ်မှာ စုဝေးပြီး မိတ်သဟာယ ပြုနေတဲ့ ကျွန်ပ်တို့အားလုံးဟာ မိမိတို့နဲ့ဆိုင်ရာ နယ်ပယ်အသီးသီးမှနေ၍ မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းမှု၊ စည်းလုံးတိုးတက်မှုတွေ ရရှီစေရေးအတွက် တဦးနဲ့ တဦး နားလည်ခွင့်လွှတ်မှု၊ အပြန်အလှန် လေးစားမှု၊ အနာဂတ် လူဂတ်မျိုးဆက်သစ်တွေအတွက် အခွင့်အရေးဖန်တီးမှုပေးမှုများ၊ စစ်မှန်ရိုးသားသော တွေ့ဆုံဆွေးနွေးနဲ့ ရင်ကြားစေ့ရေး လုပ်ငန်းတွေကို စိတ်သစ်လူသစ်တွေနဲ့ ပြန်လည်ဆောင်ရွက်ကြဖို့ မေတ္တာရပ်ကြောင်း” မိန့်ကြားခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နိုင်ငံတော်အေးချမ်းသာယာဖွံ့ဖြိုးရေးအတွက် တပ်မတော်နဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့အတူ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ ကဏ္ဍအသီးသီးမှ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။