အမေရိကန်နိုင်ငံ၊ နယူးအော်လင်းစ်မြို့က ကာနီဗယ်ပွဲတော်ပုံစံ လူထုစီတန်းလှည့်လည်မှု တခုအတွင်း ဖေဖော်ဝါရီ ၁၉ ရက်က ပစ်ခတ်မှုဖြစ်ခဲ့ပြီး လူ ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်တွင်းသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
မျက်မြင်သက်သေတဦးဖြစ်သူ ခရစ္စတီဆက်ဖ် ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာတော့ ပွဲတော်လမ်းကြောင်း အစိတ်အပိုင်းတခုနားက အပျက်အစီးအမှိုက်တွေကြားမှာ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေ အလုပ်လုပ်နေတာကို တွေ့သလို အဲ့ဒီနားတဝိုက်မှာလည်း လူတွေ မတ်တပ်ရပ်နေကြတာကို တွေ့ရပါတယ်။
ဒီပစ်ခတ်မှုဟာ ဒေသစံတော်ချိန် ည ၉ နာရီခွဲမှာ ဖြစ်ပွားခဲ့တာလို့ ဒေသခံရဲတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး NBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။
လူပေါင်းများစွာ စုဝေးနေခဲ့တဲ့ Krewe of Bacchus ပွဲတော်လမ်းကြောင်း အဆုံးမှာ ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
ရဲတပ်ဖွဲ့ကတော့ သံသယရှိသူတဦးကို ဖမ်းဆီးထားတယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။ ဒါပေမဲ့ သေနတ်သမားဟာ တဦးထက် ပိုများတာလား ဒါမှမဟုတ် တခြား သံသယရှိသူတွေလည်း ပါဝင်ခဲ့သေးလား ဆိုတာကတော့ အတိအကျ မသိရသေးပါဘူး။