close

ကာဗွန်ထုတ်လွှတ်မှု

close

May 11, 2022

ရာသီဥတုပြောင်းလဲမှုကိစ္စ လွှမ်းမိုးနေသည့် သြစတြေးလျ ရွေးကောက်ပွဲ

သြစတြေးလျနိုင်ငံမှာ မေ ၂၁ ရက်နေ့ ရွေးကောက်ပွဲကျင်းပဖို့ ရှိနေပြီး ပထမဆုံး မဲပေးကြမယ့် လူငယ်တွေကလည်း သူတို့ဆန္ဒကို ဖော်ထုတ်လာကြပါတယ်။

အေဗာ ပရင်စီဟာ လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လှုံ့ဆော်နေခဲ့ပြီး ဒီနှစ်မှာ အသက် ၁၈ နှစ်ပြည့်သွားလို့ ပထမဆုံးအကြိမ် မဲပေးခွင့်လည်း ရလာပါတယ်။

သူမဟာ နယူးဆောက်ဝေး တက္ကသိုလ်မှာ အနုပညာနဲ့ ဥပဒေပညာကို လေ့လာနေတဲ့ ဆယ်ကျော်သက်တယောက် ဖြစ်ပါတယ်။

"ရွေးကောက်ပွဲက အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ်။ ဒီတကြိမ်ကတော့ ရာသီဥတုပြောင်းလဲမှု ကိစ္စတွေ လွှမ်းမိုးနေတာ တွေ့ရတယ်" လို့ ရိုက်တာသတင်းဌာနကို ပရင်စီက ပြောပါတယ်။

ဧပြီလတုန်းက သုတေသနအဖွဲ့ Resolve Strategic က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ အသက် ၁၈ နှစ်နဲ့ ၃၄ နှစ်အကြားရှိ မဲဆန္ဒရှင်တွေကြားမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စဟာ ဒုတိယအရေးအကြီးဆုံး ဖြစ်နေတာ တွေ့ရပါတယ်။ ပထမ အရေးကြီးဆုံးကိစ္စကတော့ လူနေမှုစရိတ်တွေ မြင့်မားနေတဲ့ ကိစ္စပါ။

"လူတိုင်းက ရာသီဥတုပြောင်းလဲမှု ကိစ္စကို စိတ်ဝင်စားမလားတော့ မပြောတတ်ပါဘူး။ ဒါက ရွေးကောက်ပွဲရလဒ်အတွက် အဆုံးအဖြတ်ပေးမလားဆိုတာ မပြောတတ်ပါဘူး။ ဒါပေမဲ့ အနာဂတ်ကို အလေးထားတဲ့ လူငယ်လူရွယ်တွေကြားမှာတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စက အရေးကြီးပါတယ်" လို့ ပြောတာပါ။

ပရင်စီကတော့ သြစတြေးလျမှာ အကြီးဆုံးပါတီကြီး နှစ်ခုစလုံးကို မဲမပေးဘဲ လက်ဝဲယိမ်းတဲ့ Green ပါတီကို မဲပေးမယ်လို့ ပြောပါတယ်။ အဓိကအကြောင်းကတော့ လစ်ဘရယ်ပါတီရော၊ လေဘာပါတီရော ရာသီဥတု ပြောင်းလဲမှုနဲ့ ဆိုင်တဲ့ မူဝါဒတွေမှာ သိသိသာသာ မကွာခြားဘူးလို့ ပရင်စီက ယူဆပါတယ်။

အာဏာရ ညွန့်ပေါင်းအစိုးရကတော့ ကာဗွန်ထုတ်လွှတ်မှုကို ၂၀၃၀ အရောက်မှာ ၂၆ ရာခိုင်နှုန်းအထိ လျှော့ချဖို့ ကတိပြုထားပါတယ်။

အတိုက်အခံ လေဘာပါတီက ၂၀၃၀ အရောက်မှာ ၄၃ ရာခိုင်နှုန်းအထိ လျှော့ချဖို့ ကတိပြုထားကြပါတယ်။

၂၀၅၀ ကျရင် ကာဗွန်ထုတ်လွှတ်မှု သုညဖြစ်တဲ့အထိ ဆောင်ရွက်သွားမယ်လို့ နှစ်ပါတီစလုံးက ကတိပြုထားကြပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆိုအရ ဒီနှစ် ရွေးကောက်ပွဲမှာ မဲပေးသူ အရေအတွက် အရင်နှစ်တွေထက် ပိုများတာကြောင့် လူငယ်တွေရဲ့မဲက ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲပေးနိုင်မလား ဆိုတာကို ပရင်စီက စိတ်လှုပ်ရှားနေပါတယ်။

4 mins Ago

November 8, 2019

ကာဗွန်ထုတ်လွှတ်မှု သုညအထိလျှော့ချနိုင်မည့် ဥပေဒကြမ်း နယူးဇီလန်တွင် အတည်ပြု

လာမယ့် ၂၀၅၀ မှာ ကာဗွန်ထုတ်လွှတ်မှု သုညအထိ လျှော့ချဖို့ ရည်ရွယ်တဲ့ ဥပေဒကြမ်းကို  နိုဝင်ဘာ ၇ ရက်နေ့က နယူးဇီလန်နိုင်ငံမှာ ပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒီနောက် ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်က ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးသမိုင်းမှာ နယူးဇီလန်က မှန်ကန်တာကို လုပ်လိုက်ပြီလို့ ပြောပါတယ်။  နိုဝင်ဘာ ၇ ရက်နေ့က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေကြမ်းကို ၂၀၅၀  ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေး ဥပဒေနဲ့ ကာကွယ်ပေးပြီး ကုလသမဂ္ဂ ကြိုတင်ခန့်မှန်းတဲ့ ကမ္ဘာကြီး ပူနွေးမှု ၁ ဒသမ ၅ ဒီဂရီ   စဲလ်ဆီးယပ်စ်အောက် လျော့နည်းအောင် ရည်မှန်းချက်ထားရှိပါတယ်။     ဥပေဒကြမ်းကို ဂျက်စင်ဒါ အာဒန်အစိုးရက ဦးဆောင်တင်သွင်းပြီး အဓိက အတိုက်အခံ အမျိုးသားပါတီ  ထောက်ခံမှုနဲ့ ပြဋ္ဌာန်းခဲ့တာပါ။  ဒီဥပဒေကြမ်းဟာ တိရစ္ဆာန်နဲ့ တခြားဖန်လုံအိမ် ဓာတ်ငွေ့တွေက မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုကို ပုံစံတမျိုးနဲ့ သတ်မှတ်ထားပေမယ့် ၂၀၃၀ ခုနှစ်မှာ  ဇီဝမီသိန်း ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၁၀ ရာခိုင်နှုန်း နဲ့ ၂၀၅၀ မှာ ၄၇ ရာခိုင်နှုန်းအထိ လျှော့ချဖို့ ရည်မှန်းထားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 
3 years Ago
Up