ကချင်ပြည်နယ် ကာမိုင်းမြို့မှာ ဒီဇင်ဘာပထမအပတ်က ဖမ်းဆီးခဲ့တဲ့ လိုင်စင်မဲ့ ခရီးသည်တင်ယာဉ် နှစ်စီးကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၈ ရက် ညနေမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကာမိုင်းဒေသခံ တဦးက "ဒီဇင်ဘာ ပထမပတ်က ကာမိုင်းမှာ လိုင်စင်မဲ့(Without) ကားတွေ ဖမ်းတယ်။ စီမံချက်ဆိုပြီး ဖမ်းတာ အတော်များများဖမ်းခံရတယ်။ လူတွေကိုတော့ ပြန်လွှတ်ပေး တယ်။ ကားနှစ်စီးကိုတော့ သူတို့တပ်ပိုင် နယ်မြေမှာ မီးရှို့လိုက်တယ်" လို့ ပြောပါတယ်။
လိုင်စင်မဲ့ (Without) ကား စီမံချက်နဲ့ ဖမ်းဆီးထားတဲ့ ခရီးသည်တင် Van ကား နှစ်စီးကို ဗျူဟာကုန်းနားမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာပါ။
အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်း မြစ်ကြီးနား၊ ဗန်းမော်နဲ့ ဖားကန့်မြို့နယ်တွေမှာ စီမံချက်အဖြစ် စစ်ကောင်စီတပ်က လိုင်စင်မဲ့ ကားနဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးခဲ့ပါတယ်။
ကချင်ပြည်နယ် ကာမိုင်းမြို့မှာ မေ ၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦးဇော်ဌေး ဆိုသူဟာ လက်ဖက်ရည်ထိုင်သောက်နေစဉ် အမည်မသိ သေနတ်သမားနှစ်ဦးက လာရောက်ပစ်ခတ်သွားတာကြောင့် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတဦးက “မနက် ၇ နာရီလောက်က မြနန္ဒာ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ဆိုင်ကယ်နဲ့ လူနှစ်ယောက် လာပစ်သွားတာ။ အနီးကပ် ပစ်သွားတာ။ သူထိုင်တဲ့နေရာမှာပဲ ပွဲချင်းပြီးသေတယ်။ လာပစ်သူနှစ်ယောက် ဘယ်သူဆိုတာတော့မသိဘူး” လို့ ပြောပါတယ်။
ဦးဇော်ဌေး သေဆုံးရာအနီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာရောက်စစ်ဆေးပြီး အလောင်းကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ကာမိုင်းမြို့နယ်မှာ သြဂုတ် ၁၁ ရက်နေ့ကလည်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦးတင်အောင် ဆိုသူ ပစ်သတ်ခံခဲ့ရပြီး ဦးဇော်ဌေးကတော့ ဒုတိယမြောက် ပစ်သတ်ခံခဲ့ရသူ ဖြစ်ပါတယ်။