close

ကာရာအိုကေ

close

February 14, 2023

ဗန်းမော်ခရိုင်တွင် KTV လိုင်စင်သက်တမ်းတိုးကြရန် စစ်ကောင်စီ ညွှန်ကြား

KTV ကာရာအိုကေလုပ်ငန်းလိုင်စင် သက်တမ်းတိုးကြဖို့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီခန့် ခရိုင်စီမံအုပ်ချုပ်ရေးဌာန ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ဗန်းမော်ခရိုင်အတွင်းမှာရှိတဲ့ KTV လုပ်ငန်းရှင်တွေနဲ့ ဗန်းမော်မြို့ အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ဖေဖော်ဝါရီ ‌၁၃ ရက်က တွေ့ဆုံမှာကြားခဲ့တယ်လို့ သိရပါတယ်။

ဗန်းမော်ခရိုင်မှာရှိတဲ့ KTV လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းလိုင်စင်တွေ မရသေးဘူးဆိုရင် လုပ်ငန်းလိုင်စင် လျှောက်ထားကြဖို့နဲ့ လုပ်ငန်းလိုင်စင် ရရှိထားသူတွေလည်း သက်တမ်းကုန်ဆုံးနေပါက သက်တမ်းတိုးပြီး လျှောက်ထားကြဖို့၊  KTV လုပ်ငန်းရှင်တွေအနေနဲ့ ဥပ‌ဒေနဲ့အညီ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ကြဖို့နဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အလေးထားလိုက်နာကြဖို့ အဲ့‌ဒီတွေ့ဆုံပွဲမှာ ဦးခင်မောင်လွင်က ညွှန်ကြားထားတယ်လို့  Non CDM ဝန်ထမ်းတဦးက ပြောပါတယ်။

ဗန်းမော်မြို့မှ KTV လုပ်ငန်းရှင်တဦးက “မီးသတ်ဦးစီးမှူး ဦးစိုးခိုင်က KTV မှာ မီးဘေးလုံခြုံဖို့ ဘယ်လိုကာကွယ်ရမလဲဆိုပြီး အကြောင်းပြကာ KTV လုပ်ငန်းရှင်‌တွေကို အစည်းအဝေး ခေါ်တာပါ။ မီးဘေးလုံခြံရေးလက်မှတ် ထုတ်ပေးဖို့ ပြောတာပါပဲ။ တကယ်တမ်းကျတော့ လိုင်စင်မတင်ရ‌သေးတဲ့ KTV ပိုင်ရှင်တွေကို လိုင်စင်တင်ကြဖို့နဲ့ လိုင်စင်သက်တမ်းကုန်ဆုံးရင်လည်း ထပ်ပြီး သက်တမ်းတိုးကြဖို့ တိုက်တွန်းချင်တဲ့ သဘောပါပဲ။ ရှင်းရှင်းပြောရရင် အခွန်ဆောင်ခိုင်းတဲ့ သဘောပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဗန်းမော်မြို့မှာ ကချင်-တရုတ် ဖက်စပ်တွေများတော့ အပျော်အပါး မက်မောကြတယ်။ KTV ရုံတွေမှာ ညဘက်ဆို စည်ကားနေတာပဲ။ အပျော်အပါး လောင်းကစားဝိုင်းတွေမှာ တရုတ်ဖက်စပ်တွေ ပိုတွေ့ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် KTV တွေ လောင်းကစားဝိုင်းတွေနဲ့ ဒုစရိုက်မှုမျိုးစုံကို စစ်ကောင်စီတပ်တွေထံ ဆက်ကြေးပေးပြီး ပိုမိုလုပ်ကိုင်လာနေကြတာ ဖြစ်ပါတယ်။

13 hours Ago

May 20, 2022

ထိုင်းနိုင်ငံဒေသအချို့တွင် ဘား၊ ကာရာအိုကေ၊ အနှိပ်ခန်းများ လွတ်လပ်စွာ ပြန်ဖွင့်ခွင့်ပြုမည်

ထိုင်းနိုင်ငံအတွင်း သတ်မှတ် ဇုန် ၃၁ ခုမှာ ဘားတွေ၊ ကာရာအိုကေဆိုင်တွေ၊ အနှိပ်ခန်းတွေ အပါအဝင် လူစုလူဝေးနဲ့ စီးပွားရေးလုပ်ငန်းတွေကို လာမယ့် ဇွန် ၁ ရက်ကစတင်ကာ လွတ်လပ်စွာ ဖွင့်လှစ်ခွင့်ပြုသွားမယ်လို့ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံကြီးကြပ်ရေးစင်တာ (စီစီအက်စ်အေ)က ပြောပါတယ်။

ကိုဗစ်-၁၉ စောင့်ကြည့်ရေး အစိမ်းရောင်ဇုန်အဖြစ် ဒေသ ၁၄ ခုရှိလာမှာဖြစ်ပြီး ခရီးသွားလုပ်ငန်းအကြို အပြာရောင်ဇုန်ကတော့ ၁၂ ခုကနေ ၁၇ ခုထိ တိုးလာမယ်လို့ စီစီအက်စ်အေရဲ့ ပြောရေးဆိုခွင့်ရသူ ဒေါက်တာထဝီဆစ်လ်ပ်ဗီဆနူရိုထင် က ပြောပါတယ်။ ကိုဗစ်-၁၉ အနီးကပ်စောင့်ကြည့်ရေး အဝါရောင်ဇုန်အဖြစ်ဒေသ ၆၅ ခုကနေ ၄၆ ခုအထိ ကျဆင်းလာမယ်လို့လည်း ဆိုပါတယ်။

အဆိုပါ ကိုဗစ်-၁၉ စောင့်ကြည့်ရေး အစိမ်းရောင်နဲ့ အပြာရောင်ဇုန်သတ်မှတ်ချက်အနေနဲ့ အားကစားနဲ့ စာသင်ခန်းတွေ အသုံးပြုမှုတွေ၊ လူစုလူဝေးထိန်းချုပ်ကန့်သတ်ချက်တွေ ရှိတော့မှာ မဟုတ်ဘဲ အဝါရောင်အဆင့်သတ်မှတ်ချက်မှာတော့ သတ်မှတ်လူဦးရေ ၁၀၀ ထိသာ စုဝေးနိုင်မှာ ဖြစ်ပါတယ်။

စာသင်ကျောင်းတွေမှာတော့ ရောဂါထိန်းချုပ်ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းတွေ ထားရှိမှာ ဖြစ်ကာ မိုးလုံလေလုံအားကစားရုံတွေလို နေရာတွေမှာလည်း ၇၅ ရာခိုင်နှုန်း ထိုင်ခုံနေရာတွေကို ကန့်သတ်ကြည့်ရှုခွင့်ပြုမှာဖြစ်ကာ အမိုးဖွင့်လေဟာပြင် အားကစားရုံတွေဆိုရင်တော့ ထိုင်ခုံတွေ အားလုံးကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

ရုပ်ရှင်ရုံလို ပြဇာတ်ရုံလိုနေရာတွေကိုတော့ ဇုန်တွေအားလုံးမှာ ပုံမှန်အတိုင်း လည်ပတ်နိုင်မယ်လို့ ဆိုပါတယ်။

အစိမ်းရောင်ဇုန် ၁၄ ခုထဲမှာတော့ ချိုင်နတ်၊ ထရတ်၊ နခွန်ဖနွန်၊ နန်၊ ဘူရီယမ်၊ ဖီချစ်၊ အန်ထောင်း၊ မဟာဆာရာခမ်၊ ရာဆိုသွန်၊ လမ်းဖန်း၊ ဆူရတ်ဌာနီ၊ ဆူရင်၊ ဉထုံဌာနီနဲ့ အမ်နတ်ချာရိုဝမ်စတဲ့ ဒေသတွေ ပါဝင်နေပြီး အပြာရောင်ဇုန် ၁၇ ခုထဲမှာတော့ ကရာဘိ၊ ဘန်ကောက်၊ ကန်ကျနပူရီ၊ ချန်သပူရီ၊ ချွန်းပူရီ၊ ချင်းရိုင်း၊ ချင်းမိုင်၊ နခွန်ရက်ချာဆီမာ၊ နွန်ထဘူရီ၊ နရာသီဝပ်၊ ပထုံဌာနီ၊ ပရာချွတ်ခီရိခန်၊ ဖန်င၊ ဖက်ချဘူရီ၊ ဖူးခက်၊ ရာယောင်းနဲ့ ဆောင်ခလာစတဲ့ ဒေသတွေ ပါ ဝင်နေတာ ဖြစ်ပါတယ်။

ဒေါက်တာ ထဝီဆစ်လ်ပ်က အပြာရောင်နဲ့ အစိမ်းရောင်ဇုန်ထဲမှာ မှတ်ပုံတင်ထားတဲ့ အရက်ဘားတွေ၊ ကာရာအိုကေဆိုင်တွေနဲ့ အနှိပ်ခန်းတွေအနေနဲ့ သက်ဆိုင်ရာ ဒေသတွင်း ရောဂါကူးစက်ရောဂါဆိုင်ရာ ကော်မတီဆီက ခွင့်ပြုချက်ရပြီးတာနဲ့ ဖွင့်လှစ်နိုင်မှာဖြစ်ပြီး အရက်သေစာသောက်စားရောင်းချမှုကိုတော့ ည ၁၂ နာရီထိသာ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

သောက်သုံးသူတွေအနေနဲ့ အချင်းချင်း ခွက်ချင်း လဲလှယ်သောက်သုံးတာတွေ အပါအဝင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ထိန်းချုပ်ရေးစည်းကမ်းချက်တွေကို လိုက်နာရမယ်လို့ ဆိုပါတယ်။

“အနှိပ်ခန်းတွေမှာ လူတွေအချင်းချင်း ထိတွေ့နိုင်တယ်၊ နှာခေါင်းစည်း Mask တပ်ဆင်ထားကြရပါမယ်။ ရောဂါအခြေအနေ ထိန်းချုပ်မှု အလျှော့အတင်းလုပ်တဲ့အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆိုင်တွေကို ပိတ်နိုင်ပါတယ်။”

ဒါ့အပြင် ဝန်ဆောင်မှုပေးသူတွေ အပါအဝင် အဆိုတော်တွေ၊ ဂီတသမားတွေဟာလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးဖြစ်ရမယ့်အပြင် အပတ်စဉ် Antigen Test တွေနဲ့ စစ်ဆေးရမယ်လို့ ဆိုပါတယ်။

ဝန်ဆောင်မှု ဧရိယာထဲမှာ အသုံးပြုမယ့်သူတွေအနေနဲ့လည်း ကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက်အထား ပြသရမယ့်အပြင် ထိခိုက်လွယ်အုပ်စုတွေကိုလည်း အဆိုပါနေရာတွေကို ရှောင်ရှားဖို့ အကြံပြုထားကြောင်း ဒေါက်တာ ထဝီဆစ်လ်ပ်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာတော့ ကိုဗစ်- ၁၉ ကူးစက်ရောဂါကြောင့် အချိန် ၂ နှစ်ကျော်ပိတ်ထားခဲ့ရတဲ့ အိမ်နီးချင်း ၄ နိုင်ငံက နယ်စပ်တံခါးပေါက်တွေကို ပြီးခဲ့တဲ့ မေ ၁ ရက်နေ့မှာ ပြန်ဖွင့်ခဲ့တာဖြစ်ပြီး နိုင်ငံတကာလေဆိပ်တွေမှာ Test & Go စနစ်ကိုလည်း ဖျက်သိမ်းလိုက်ကာ ဝင်ရောက်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကန့်သတ်ထိန်းချုပ်ပြီး ပြန်လည် ဖွင့်လှစ်ထားပါတယ်။

9 months Ago
Up