အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေးမြို့က မီးရထားဝင်းထဲမှာ လုပ်ဖော်ကိုင်ဖက် ၉ ယောက်ကို အသေပစ်သတ်ခဲ့တဲ့ ရထားလမ်းကြောင်းပြောင်း လုပ်သားဟာ သူ့အိမ်ကို မီးတင်မရှို့ခင် သေနတ် ၁၂ လက်၊ ဓာတ်ဆီပုလင်းဗုံး အတော်များများနဲ့ ကျည်ကတ် ၂၂၀၀၀ သိုလှောင်ထားခဲ့တယ်လို့ ဒေသခံ ငြိမ်ဝပ်ပိပြားရေး အရာရှိက ပြောပါတယ်။
ဒါပေမဲ့ အိမ်မီးရှို့တာဟာ မေလ ၂၆ ရက် အစုလိုက် အပြုံလိုက် လူသတ်မှု နောက်ကွယ်က အကြောင်းရင်းကို သက်သေဖျောက်ဖို့ လုပ်တာ ဖြစ်နိုင်တယ်လို့ ပြည်ထောင်စုထောက်လှမ်းရေး ဗျူရို FBI က အရာရှိ တယောက်က ပြောပါတယ်။
ဆန်ဖရန်စစ္စကိုမြို့တောင်ဘက် စီလီကွန်တောင်ကြားရဲ့အလယ်က ရထားပြုပြင်ထိန်းသိမ်းရေး ခြံဝင်းထဲမှာ သမဂ္ဂ အစည်းအဝေးအပြီး အသက် ၅၇ နှစ်အရွယ် ဆင်မြူယယ် ကက်စီဒီဟာ လူအုပ်ကို ပစ်ဖို့ သေနတ်၃လက် ကိုင်ထားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အခင်းဖြစ်ရာ နေရာကို ရဲတွေက ဝန်းရံ ပိတ်ဆို့ချိန်မှာ ကက်စီဒီဟာ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်။ သူဟာ လုပ်သက်ရှည်ဝန်ထမ်းဖြစ်ပြီး အလွန်အမင်း စိတ်ချဉ်ပေါက်နေတဲ့ ဝန်ထမ်းတယောက်အဖြစ် လူသိများတယ်လို့ စန်တာကလာရာမြို့နယ် ငြိမ်ဝပ်ပိပြားရေး အရာရှိက ပြောပါတယ်။
ကက်စီဒီဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ရော အထက်လူကြီးတွေနဲ့ပါ အော်ကြီးဟစ်ကျယ် စကားများပြီးရင် တခါတလေ သူ့ကိုပါ ရိုက်နှက်ကန်ကျောက်လေ့ရှိတယ်လို့ သူ့ဇနီးဟောင်းက ဒေသခံ မီဒီယာကို ပြောပါတယ်။
ကက်စီဒီဟာ ၂၀၁၆ က ဖိလစ်ပိုင်ကနေ အပြန်မှာ အကောက်ခွန်နဲ့ နယ်စပ်အရာရှိတွေ အဖမ်းခံရချိန်က သူ့မှာ ပါလာတဲ့ အနက်ရောင် မှတ်စုစာအုပ်ထဲမှာ လုပ်ငန်းခွင်ကို ဘယ်လိုမုန်းကြောင်း ရေးထားတဲ့ မှတ်စုတွေ အပြည့်ပဲလို့ အမိမြေ လုံခြုံရေးဌာန မှတ်တမ်းကို ကိုးကားပြီး သဝေါလ်စထရိ ဂျာနယ်က ရေးပါတယ်။
စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေဆဲ ဖြစ်ပြီး ကက်စီဒီရဲ့ မကျေနပ်မှု လက္ခဏာတွေဟာ မျက်နှာစာ အတော်များများကနေ ထွက်လာပုံရတယ်လို့ သုံးသပ်ကြပါတယ်။
ကက်စီဒီရဲ့ အိမ်မှာ လောင်တဲ့မီးကြောင့် အီလက်ထရောနစ် သက်သေတွေ ပျက်စီးခဲ့တဲ့အတွက် အစုလိုက် အပြုံလိုက် လူသတ်ရတဲ့ အကြောင်းရင်းကို ကောက်ချက်ချဖို့ အားထုတ်မှုတွေ နှောင့်နှေးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။