အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိ အုက်လန်းဆိပ်ကမ်းမှာ ဆန္ဒပြသူဒါဇင်နဲ့ချီ ပါဝင်ခဲ့တဲ့ ထရပ်ကားမောင်းသူတွေဟာ ဇူလိုင် ၁၈ ရက်က ယာဉ်ကြောပိတ်ဆို့ ဆန္ဒပြခဲ့ ကြပါတယ်။
လွတ်လပ်တဲ့ ကန်ထရိုက်တာတွေအတွက် ကုန်စည်ပို့ဆောင်ရ ပိုမိုခက်ခဲစေတဲ့ ပြည်နယ်ဥပဒေကို မကျေနပ်လို့ ကန့်ကွက်ဆန္ဒပြတာဖြစ်ပြီး ဒီဥပဒေအရ ပိတ်ထားပြီဖြစ်တဲ့ ဆိပ်ကမ်းတွေမှာ အလုပ်သမားတွေကို ကန့်သတ်မှုတွေလုပ်လာနိုင်ပြီး နိုင်ငံရဲ့ လောင်စာဆီထောက်ပံ့ရေး ကွင်းဆက် ပိတ်ဆို့မှုကိုလည်း ပိုဆိုးလာစေနိုင်တယ်လို့ ဆိုပါတယ်။
AB5 သို့မဟုတ် "gig worker" ဥပဒေ လို့ လူသိများတဲ့ ဥပဒေဟာ အလုပ်သမားတွေကို လွတ်လပ်တဲ့ ကန်ထရိုက်တာတွေအဖြစ် ခွဲခြားသတ်မှတ်ဖို့ ပိုတင်းကျပ်တဲ့ စံနှုန်းတွေကို ချမှတ်ထားတာပါ။
ဒီဥပဒေကို ဆန့်ကျင်တဲ့ ယာဉ်မောင်းနဲ့ ကုန်တင်ယာဉ် ကုမ္ပဏီငယ်ပေါင်း ၁၀၀ ကျော်ဟာ ဆိပ်ကမ်းရှိ ဂိတ်တံခါးနှစ်ခုကို ဝိုင်းအုံဆန္ဒပြမှုကြောင့် ထရပ်ကားဝင်ရောက်မှုကို နှေးကွေး စေခဲ့ပါတယ်။
ကယ်လီဖိုးနီးယားရဲ့ ဆိပ်ကမ်းတွေဟာ အမေရိကန်ကို ဝင်ရောက်တဲ့ ကွန်တိန်နာ ကုန်ပစ္စည်းတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို ကိုင်တွယ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က နိုင်ငံရဲ့အလုပ်အများဆုံး ဆိပ်ကမ်းဖြစ်တဲ့ လော့စ်အိန်ဂျလိစ်ရှိ ဆိပ်ကမ်းက ထရပ်ကားသမားတွေလည်း ဂိတ်တွေမှာ ပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်မြောက်ပိုင်း၊ ဆက်ခရာမန်တိုဒေသရဲ့ အရှေ့မြောက်ပိုင်းက သစ်တောထူတဲ့ မြို့နယ် ၂ ခု မှာ တောမီးက အမြန်ကူးစက်ပြီး အိမ်တွေကို လောင်ကျွမ်းနေလို့ ထောင်နဲ့ ချီတဲ့လူတွေကို သြဂုတ် ၅ ရက်က ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေရ ပါတယ်။
ဆက်ကရာမန်တိုမြို့ကနေ အရှေ့မြောက်ဘက် မိုင် ၅၀ အကွာက လူ အယောက် ၂၀၀၀ လောက်နေတဲ့ ပလေဆာမြို့နယ်မှာ အိမ် ၄ လုံးထက် မနည်းလောင်ခဲ့တယ်လို့ ရိုက်တာသတင်း ဌာနက မျက်မြင်သက်သေက ပြောပါတယ်။
River Fire လို့ ခေါ်တဲ့ ဒီတောမီးက ထွက်လာတဲ့ မီးခိုးတွေကိုတော့ မိုင် ၇၀ ထက် မနည်းတဲ့ အကွာအဝေး ကနေ လှမ်းမြင်နေ ရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ပလေဆာနဲ့ နီဗားဒါးမြို့နယ်တွေက ဧက ၁၄၀၀ အနက် ဧက ၁၀၀၀ ဟာ ၂ နာရီအတွင်း လောင်ကျွမ်းခဲ့တာလို့ ကာလီဖိုးနီးယားပြည်နယ် သစ်တောနဲ့ မီးဘေးကာကွယ်ရေးဌာန (Cal Fire) က ပြောပါတယ်။
ပလေဆာမြို့နယ်က လူ ၂၄၀၀ ထက် မနည်းကို ဘေးကင်းရာရွှေ့ပေးခဲ့ပြီး နီဗားဒါးမြို့နယ်က နောက်ထပ် လူ အယောက် ၄၂၀၀ ကိုလည်း ဘေးကင်းရာ ရွှေ့ဖို့ အမိန့်ထုတ်ပြီးပြီလို့ မီးသတ်နဲ့ ဥပဒေရေးရာ အရာရှိတွေက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဒီမီးလောင်ပြင်ရဲ့ မြောက်ဘက် မိုင် ၁၀၀ မဝေးတဲ့ နေရာမှာ လောင်နေတဲ့ Dixie Fire ဒစ်ဆီ တောမီးကတော့ ဧက ၂၇၈၀၀၀ ကျော်ကို လောင်ကျွမ်းခဲ့ပြီး စတင် လောင်ကျွမ်းချိန်ကနေ ခုထိ တောမီးရဲ့ ၃၅ ရာခိုင်နှုန်းကိုသာ ထိန်းနိုင်ပါသေးတယ်။