close

ကာ့ဒ်စစ်သွေးကြွစခန်း

close

November 21, 2022

ကာ့ဒ်စစ်သွေးကြွစခန်းများကို တူရကီ လေကြောင်းမှတိုက်ခိုက်

ဆီးရီးယားမြောက်ပိုင်းနဲ့ အီရတ်မြောက်ပိုင်းက ကာ့ဒ်စစ်သွေးကြွတွေရဲ့ အခြေစိုက်စခန်းတွေကို တူရကီ စစ်လေယာဉ်တွေက နိုဝင်ဘာ ၂၀ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ပစ်မှတ် ၈၉ ခုကို ဖျက်ဆီးခဲ့တယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

လွန်ခဲ့တဲ့တပတ်က အစ္စတန်ဘူလ်မြို့မှာ PKK ရဲ့ အစွန်းရောက်အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့လို့ လက်တုံ့ပြန်တဲ့အနေနဲ့ ဖျက်ဆီးတာလို့လည်း တူရကီအစိုးရက ပြောပါတယ်။

ဒါကြောင့် ဆီးရီးယား ကာ့ဒ် YPG ပြည်သူ့စစ်နဲ့ တရားမဝင် ကာဒစ်စတန် အလုပ်သမားပါတီ (PKK) ရဲ့ အခြေစိုက်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တူရကီကာကွယ်ရေးဝန်ကြီးဌာနက အခြေစိုက်စခန်းတွေဆီ ဆင်းသက်လာတဲ့ တိုက်လေယာဉ်တွေကို ပြသတဲ့ ဗွီဒီယိုဖိုင်နဲ့ တူရကီ စစ်လေယာဉ်တွေ ပစ်မှတ်တွေကို ထိမှန်အောင် ဖောက်ခွဲခဲ့တဲ့ ဗွီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။

အစ္စတန်ဘူလ်မြို့ အစ္စတစ်ကယ်ရိပ်သာလမ်းမှာ နိုဝင်ဘာ ၁၃ ရက်က ပေါက်ကွဲခဲ့လို့ လူ ၆ ဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် ကာ့ဒ်စစ်သွေးကြွတွေကို တူရကီအစိုးရက အပြစ်တင်ခဲ့ပါတယ်။

လူစည်ကားတဲ့လမ်းမှာ ဗုံးပေါက်ကွဲမှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်ရှိကြောင်း ဝန်မခံခဲ့ပါဘူး။ PKK နဲ့ ကာ့ဒ်ဦးဆောင်တဲ့ ဆီးရီးယားဒီမိုကရက်တစ်ပါတီတပ်ဖွဲ့တွေက ပါဝင်ပတ်သက်မှုကို ငြင်းဆိုထားပါတယ်။

တူရကီသမ္မတ တာယစ်အာဒိုဂမ်က ဘာလီကျွန်းမှာ G20 ထိပ်သီးအစည်းအဝေး တက်ပြီး အပြန်ခရီးမှာ လေယာဉ်ပေါ်မှာ တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီ အာကာနဲ့ စစ်ဆင်ရေး အသေးစိတ် ဆွေးနွေးနေတဲ့ ဗွီဒီယိုဖိုင်ကို တူရကီသမ္မတက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ တိုက်ခိုက်ဖို့အတွက် အမိန့်ပေးခဲ့တယ်လို့ သမ္မတက ပြောပါတယ်။

10 mins Ago
Up