ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ ဧပြီ ၂၉ ရက်က အကောက်တောင်ဘုရားကို လာတဲ့ ဘုရားဖူးကား ၁ စီး တိမ်းမှောက်ပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြံခင်းဘိလပ်မြေစက်ရုံကနေ အကောင်တောင်ဘုရားကို လာတဲ့ ကားဟာ မနက် ၇ နာရီလောက် တောင်တက်လမ်းတဝက်မှာ ချောက်ထဲကျပြီး ၃ ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။
“ကားမှာ အကုန် ၁၁ ဦးပါလာတာ၊ ကလေးတွေလည်းပါတယ်။ တောင်တက်လမ်း တဝက်လောက်ရောက်မှ ချောက်ထဲကျတာ။ အဲ့နေရာမှာ အမျိုးသမီး ၂ ဦးသေတယ်၊ အမျိုးသား ၁ ဦးက ဆေးရုံရောက်မှသေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ကားချောက်ထဲထိုးကျချိန်မှာ အမျိုးသမီး ၂ ဦး နေရာမှာ သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့သူတွေကို ဆိပ်သာ တိုက်နယ်ဆေးရုံ ပို့ဆောင်ပေးချိန်မှာ အမျိုးသား ၁ ဦး ထပ်မံသေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒဏ်ရာပြင်းထန်တဲ့ အမျိုးသားလူနာ ၂ ဦး၊ အမျိုးသမီးလူနာ ၁ ဦးနဲ့ ကလေး ၁ ဦးကို ဆိပ်သာဆေးရုံကနေ ဟင်္သာတဆေးရုံကို လွှဲပြောင်းကုသပေးနေရပြီး စိုးရိမ်နေရတယ်လို့ သိရပါတယ်။
အကောက်တောင်ပေါ်ရှိ ဘုရားကိုလာတဲ့ကားလမ်းမှာ တောင်တက်လမ်းဖြစ်ပြီး လမ်း ကြမ်းတမ်းတာကြောင့် ကားမောင်းတော်တော်ကျမ်းကျွင်တဲ့ သူမျိုးနဲ့သာ လာသင့်တဲ့လမ်း ဖြစ်တယ်လို့ ဒေသခံတွေက သတိပေး ပြောဆိုပါတယ်။
ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ရှိ ရိက္ခာပြတ်လပ်နေတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုကို ရိက္ခာသယ်ယူပို့ဆောင်စဉ် ကားမတော်တဆဖြစ်ပြီး Free Burma Ranger- Karenni အဖွဲ့ တယောက် သေဆုံးသွားခဲ့ရပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့က ဒီးမော့ဆိုအရှေ့ခြမ်း စစ်ဘေးရှောင်ရှိရာတနေရာမှာ ရိက္ခာသွားပို့ပြီး အပြန် ညနေ ၃ နာရီ လောက်က ကားချောက်ထဲ ထိုးကျသွားခဲ့တာပါ။
ကားပေါ်ပါလာတဲ့ စစ်ဘေးရှောင်ကူညီသူ Free Burma Ranger- Karenni အဖွဲ့ဝင် ၅ ဦးနဲ့ လိုက်ပါကူညီဆောင်ရွက်သူ ၃ ဦး အနက် လိုက်ပါကူညီသူတစ်ဦးဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့တာလို့ အဖွဲ့ရဲ့ လူမှုကွန်ယက်မှာ ဖော်ပြပါတယ်။
သေဆုံးသူမှာ အသက် ၃၆ နှစ်အရွယ် ဦးစေရယ်ဖြစ်ပြီး သားသမီး ၂ ဦး နဲ့ ဇနီးသည်ကျန်ရစ်ခဲ့ပါတယ်။