close

ကားတင်သွင်းခွင့်

close

September 14, 2022

ရန်ကုန်ကားဈေးကွက်တွင် ကားတန်ဖိုး နှစ်ဆနီးပါး မြင့်တက်လာ

ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ ငွေကြေးပိုလျှံတဲ့သူတွေက လာရောက်ကစားနေတဲ့အတွက် ကားဈေးတွေဟာ အရင်ကထက် နှစ်ဆနီးပါး မြင့်တက်သွားပြီး အရောင်းအဝယ်လည်း သွက်နေတယ်လို့ ဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

ပြည်တွင်းမှာ နိုင်ငံခြားငွေကြေး အမေရိကန်ဒေါ်လာ လိုအပ်ချက် ရှိနေတာကြောင့် ပြည်ပကနေ ကားတင်သွင်းခွင့်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစပြီး စစ်ကောင်စီက ပါမစ်ထုတ်မပေးတော့ဘဲ ရပ်ဆိုင်းပြီးတဲ့နောက် ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ ကားဈေးတွေဟာ မြင့်တက်လာခဲ့တယ် ဆိုပေမဲ့ ရာခိုင်နှုန်းနဲ့သာ မြင့်တက်ခဲ့တာပါ။ ဒါပေမဲ့ အခုလို အဆနဲ့ချီပြီး ဈေးမြင့်တက်တာမျိုး မရှိခဲ့ပါဘူး။

လက်ရှိဖြစ်ပေါ်နေတဲ့ ရန်ကုန်ကားဈေးကွက် အခြေအနေနဲ့ ပတ်သက်ပြီး တနိုင်တပိုင် ကားဝယ်ရောင်းလုပ်ကိုင်နေသူတ‌ေယာက်က “အခုဟာက ရွှေသမားကပါ လာကစားတဲ့ပုံစံ ဖြစ်နေတယ်နော်။ ဘာလို့လဲဆို အခု လာဝယ်ကြတဲ့သူတွေဆိုရင် တချို့က အပြင်ကလူတွေဗျ။ သူတို့က လူလွှတ်ပြီး လာဝယ်ကြတာ။ ဘယ်နှစ်စီးရမလဲ၊ ရသလောက်ယူမယ်ဆိုပြီး လာကြတာ။ ပေါက်ဈေးတွေ ဘာတွေ မသိဘူး။ သူတို့က ဝယ်ပြီးတာနဲ့ ခြံထဲ အကုန်မောင်းသွင်း အဲ့လိုလုပ်နေကြတာ။ အဲ့တော့ ကိုယ်တွေလို တပိုင်တနိုင်သမားတွေ အကုန်ဒုက္ခရောက်ကုန်တာပေါ့။ ဆိုလိုတာက ဒီလောကထဲမှာ ပုံမှန်လုပ်စားနေတဲ့သူတွေ အကုန် ခွကြကုန်တာပေါ့ဗျာ။ အခုဟာ သူတို့က ဈေးကွက်ကို လက်ဝါးကြီးအုပ်ပြီး ကစားနေတာလေ။ ပြီးရင်တော့ သူတို့က လှည့်ထွက်သွားကြမှာ။ ပုံမှန် ဝယ်ရောင်းလုပ်နေတဲ့ သူတွေကတော့ အကုန်လုံး ကမောက်ကမဖြစ်ပြီး ကျန်ခဲ့ကြမှာပဲ။ အဲ့လိုမျိုးတွေ ဖြစ်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကားဈေးနှုန်းတွေ အခုလို အဆမတန် ဖြစ်ပေါ်နေတာဟာ ဝယ်ရောင်းဈေးကွက်အတွက် ကောင်းတဲ့လက္ခဏာမဟုတ်လို့ တည်ငြိမ်တဲ့ဈေးကွက်ကိုသာ အလိုရှိတယ်လို့ ကားဝယ်ရောင်းသမားတွေက ဆိုပါတယ်။

“အခုလို ဈေးတက်နေတဲ့ အနေအထားက ကောင်းတဲ့လက္ခဏာမှ  မဟုတ်တာ။ ဘယ်လိုလုပ် ကောင်းနိုင်မှာလဲ။ ကောင်းဖို့လက္ခဏာ အလားအလာ လုံးဝမရှိဘူး။ ကျနော်တို့လည်း မကြိုက်ဘူး။ အရမ်းဆိုးတယ် ဒီအနေအထားက။ ကျနော်တို့က ဈေးကွက် တည်တည်ငြိမ်ငြိမ် ရှိတာကိုပဲ ကြိုက်တာ။ ပုံမှန်လေး ရောင်း၊ ပုံမှန်လေး ဝယ်တာကိုပဲ ကြိုက်တာ။ အကျိုးအမြတ် ကိုလည်း ပုံမှန်လေးရနေရင် ကျနော်တို့က ကျေနပ်တယ်။ ဒါကြီးက အကျိုးအမြတ်မှ မဟုတ်တာ။ တကယ်ဖြစ်လာပြီဆိုရင် သွားမှာ အကုန်လုံးက။ လုံးဝ မဖြစ်နိုင်တဲ့ ဈေးတွေလေ အခုဟာက။ တကယ့်ကို ကမောက်ကမ ဖြစ်နေတဲ့ အခြေအနေပါ။”

တဖက်မှာလည်း ကားဈေး အတက်အကျဟာ ပေါ်လစီနဲ့သာ တိုက်ရိုက် သက်ဆိုင်နေတာကြောင့် ပေါ်လစီ မပြောင်းသရွေ့ ကားဈေးတွေဟာ ကျလာဖို့မရှိတဲ့ အခြေအနေပါ။

ကားအရောင်းစင်တာ ဖွင့်လှစ်ထားတဲ့ လုပ်ငန်းရှင်တ‌ေယာက်ကတော့ “အဓိကက ငွေတန်ဖိုး ကျတာကိုပဲ ပြောရမှာပေါ့။ ကားတန်ဖိုးတက်လာတာ မဟုတ်ဘူး။ နောက်ပြီး ကားဈေးက ရွှေဈေး၊ ဒေါ်လာဈေးနဲ့လည်း မတူဘူး။ သူက ပေါ်လစီနဲ့ပဲ ဆိုင်တယ်။ သိတယ် မဟုတ်လား။ ပေါ်လစီ တချက်ပြောင်းလိုက်တာနဲ့ ဒီကောင်က လုံးဝ ထိုးကျသွားမှာပဲ။ ပေါ်လစီ မပြောင်းမချင်းကတော့ သူက ရွှေဈေး၊ ဒေါ်လာဈေးတက် ပိုတက်နေမှာ။ တကယ်လို့သာ ကားသွင်းခွင့်ပေးတာတို့ ဒါမှမဟုတ် လိုင်စင်မဲ့ကားတွေကို လိုင်စင်ထုတ်ပေးမယ်လို့ ပြောလိုက်ရင်တော့ ကားဈေးက တဖုန်းဖုန်းနဲ့ ပြုတ်ကျလာမှာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

12 hours Ago

July 2, 2022

အထူးပါမစ်ကလွဲပြီး အများပြည်သူကားတင်သွင်းခွင့် စစ်ကောင်စီ ပိတ်ပင်ထား

အခွင့်ထူးခံတွေအတွက်ပေးတဲ့ အထူးပါမစ်ကလွဲပြီး သာမန်အများပြည်သူ ပုဂ္ဂလိကတွေအတွက် ကားတင်သွင်းခွင့်တွေကို တရားဝင်ပိတ်ထားတယ်လို့ စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီးက ဗိုလ်ချုပ်ဇော်မင်းထွန်းက   ဇွန် ၁ ရက်နေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

လတ်တလော ဆီးဂိမ်းရွှေတံဆိပ်ဆုရှင်အားကစားသမားတွေအပါအဝင်  တခြား အခွင့်အထူးခံတွေအတွက် စစ်ကောင်စီက အထူးပါမစ်တွေထုတ်ပေးပြီး ကားတင်သွင်းခွင့်ပေးထားတာ ဖြစ်ပါတယ်။ 

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အထူးပါမစ်နဲ့တင်သွင်းခွင့်ပေးထားတာကလွဲရင် ကျန်တဲ့ဟာတွေကို လောလောဆယ်ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်၊ အကြောင်းအရင်းကတော့ အများပြည်သူနဲ့သက်ဆိုင်နဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ဆိုင်ရင် ဆောင်ရွက်ပါမယ်။ အထူးကိစ္စရပ်အနေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်၊ ကျန်တဲ့ဟာတွေကိုတော့ ကန့်သတ်မှုတွေ ဆက်ရှိနေဦးမှာဖြစ်ပါတယ်”လို့ပြောပါတယ်။ 

ခုလိုမျိုး ကားတင်သွင်းခွင့်တွေကို ကန့်သတ်ထားရတာဟာ အကြောင်းအရင်းရှိပြီး ဖြေလျော့ဖို့ အချိန်တန်မှသာ ဖြေလျော့ပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ 

လက်ရှိအချိန်မှာတော့ ကားတင်သွင်းခွင့်ပိတ်ပင်ထားတာကြောင့် လက်ရှိဈေးကွက်ထဲမှာကျန်နေတဲ့ ကားဈေးနှုန်းတွေဟာ ကျပ် သိန်း ၅၀ ကနေ သိန်း ၁၀၀ ကျော်အထိ ဈေးတက်တာတွေရှိလာတယ်လို့ ကားအရောင်းအဝယ် လုပ်ကိုင်သူတွေထံက သိရပါတယ်။

2 months Ago
Up