ရန်ကုန်၊ သာကေတမြို့နယ်၊ ၄ ရပ်ကွက်၊ ရှုခင်းသာမြို့ ပတ်လမ်း၊ Water Boom အနီးမှာ ဧပြီလ ၂၈ ရက် ညပိုင်းက အိမ်စီးကားတစ်စီး ပလက်ဖောင်းလက်ရန်းကို ဝင်တိုက်မိပြီး ၁ ဦးသေ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
အဲ့ဒီည ၁၀နာရီ ၁၀ မိနစ်ခန့်က လူ ၅ ဦးပါ အိမ်စီးကားဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ပလက်ဖောင်းလက်ရန်းကို ဝင်တိုက်ခဲ့တာပါ။
ယာဉ်တိုက်မှုမှ ကားခေါင်းခန်း လက်ရန်းသံတိုင်ဖောက်ဝင် ပွင့်ထွက်သွားတာကြောင့် အမျိုးသမီး ၂ ဦး၊ အမျိုး သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိတဲ့အနက် အမျိုးသမီး ၁ ဦး သေဆုံးသွားပြီး ၁ ဦးက ဒဏ်ရာ စိုးရိမ်ရတယ်လို့ သိရပါတယ်။
"ည ၁၀နာရီ ၁၀ မိနစ်လောက်ကပေါ့၊ ကားတစီးက အရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်းကို ဝင်တိုက်တာ။ ယာဉ်မောင်းကတော့ ဦးခေါင်းဒဏ်ရာ၊ ဒူးခေါင်းနဲ့ လက်ပွန်းပဲ့ ဒဏ်ရာရထားတယ် " လို့ မင်္ဂလာတောင်ညွန့်ကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးထားပြီး ယာဉ်မောင်းအမျိုးသားကို သာကေတမြို့နယ်ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာအနီးမှာ အိမ်စီးကားတစီး ပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်း သေဆုံးပြီး ကလေးတဦးအပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။
ဒီနေ့မနက် ၈ နာရီလောက်မှာ ရေးမြို့ကနေ ကျောင်းရွာကျေးရွာဘက်ကို မောင်းနှင်းလာတဲ့ Toyota With အမျိုးအစား မော်တော်ယာဉ်ကို လက်နက်ကိုင်အဖွဲ့တခုက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်း အသက် ၃၄ နှစ်အရွယ် ဦးလွင်မိုးအေးဟာ ရင်ညွန့်၊ နားထင်နဲ့ ဝဲဘက်ပခုံးတို့မှာ သေနတ်ဒဏ်ရာ ၅ ချက်ရရှိပြီး အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့ပါတယ်။
အဲဒီပစ်ခတ်မှု ဖြစ်စဉ်မှာ ကားပေါ်ပါလာတဲ့ ဦးလွင်မိုးအေးရဲ့ အသက် ၈ နှစ်အရွယ် တူဖြစ်သူ ညှပ်ရိုးနဲ့ရင်ဘတ်တွေမှာ ဒဏ်ရာရရှိခဲ့သလို အသက် ၃၀ နှစ်အရွယ် ညီမဖြစ်သူမှာလည်း လက်မောင်းနဲ့လည်ပင်းတွေမှာ ဒဏ်ရာတွေ ရရှိခဲ့တာပါ။
ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်နဲ့ ညီမဖြစ်သူတို့ကို မော်လမြိုင်ဆေးရုံ ပို့ဆောင်ထားပြီး သေဆုံးသွားတဲ့ ဦးလွင်မိုးအေးကိုတော့ နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒေသခံတွေအဆိုအရ ချဲဒိုင်တဦးဖြစ်တဲ့ ဦးလွင်မိုးအေးဟာ စစ်တပ် အာဏာသိမ်းကာလအတွင်း ကြီးပွားလာသူဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိ မရှိကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
ရေးဘီလူးအဖွဲ့ကတော့ ဦးလွင်မိုးအေးဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ရေးဘီလူးအဖွဲ့သတင်းတွေကို တပ်အတွင်း ပေးပို့နေတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ပါတယ်။
အဲဒီပစ်ခတ်ရှင်းလင်းမှုအပြီး ပြန်ဆုတ်ရာ လမ်းမှာ စစ်ကောင်စီတပ်နဲ့ရေးဘီလူးအဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦးနီးပါး ထိခိုက်သေဆုံးနိုင်ကြောင်းနဲ့ ကားတစီး ကျန်ရှိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ရေးဘီလူးအဖွဲ့ဟာ ပြီးခဲ့တဲ့ မတ် ၁၀ ရက်နေ့ကလည်း ရေးမြို့နယ်၊ ခံသင်းတံတားအနီးရှိ စစ်ကောင်စီနဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းစခန်းတခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ထားပါတယ်။