close

ကားတိမ်းမှောက်

close

March 3, 2023

ကန်ကျနပူရီတွင် တရားမဝင်မြန်မာများတင်လာသည့်ကားတိမ်းမှောက် ၂ ဦးသေ၊ ၈ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ မတ် ၂ ရက်က တရားမဝင်မြန်မာတွေ တင်ဆောင်လာတဲ့ယာဉ်တစီး မတော်တဆတိမ်းမှောက်ပြီး  ၂ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရသွားတယ်လို့ The Nation ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

မနေ့ မနက် ၄ နာရီခွဲလောက်က ကန်ကျနပူရီမြို့နယ် ဝမ်းတန့်အုပ်စုရှိ ကန်ကျနပူရီ- ဆိုင်းယို့ဒ်သွား အဝေးပြေးလမ်းမကြီးပေါ်မှာ ယာဉ်တစီးတိမ်းမှောက်ပြီး ဒဏ်ရာရသူတွေရှိကြောင်း အကြောင်းကြားချက်ရတဲ့အတွက် လူနာတင်ကားတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ကန်ကျနပူရီမြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

အခင်းဖြစ်တဲ့ သစ်ခွဲစက်အနီး လမ်းမကြီးဘေးမှာ ခေါင်းပိုင်းကြေမွပျက်စီးနေတဲ့ မီဆူဘီရှီ ငွေရောင်ဗဲန်ကားတစီးတွေ့ရှိကြောင်း၊ ကားထဲမှာသေဆုံးနေတဲ့ အမျိုးသမီး ၁ ဦးအလောင်းနဲ့ အပြင်မှာ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၉ ဦးရှိပြီး အားလုံးကို ဖဟွန်ဖယုဆေနားဆေး ရုံပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။ 

ဒဏ်ရာရသူ ၉ ဦးမှာ အမျိုးသမီး ၆ ဦး အမျိုးသား ၃ ဦးဖြစ်ပြီး ဆေးရုံရောက်တာနဲ့ နောက်ထပ် ယောကျ်ားလေး ၁ ယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

ကျန်သူတွေထဲမှာ ၄ ဦးဒဏ်ရာပြင်းထန်ကြောင်း၊ ကားပေါ်ပါလာသူတွေဟာ ထိုင်းစကား မပြောတတ်၊ မှတ်ပုံတင်အထောက်အထားလည်း မရှိတာကြောင့် ဘာသာပြန်နဲ့ မေးမြန်းရာမှာ မြန်မာပြည်ကလာတဲ့ ရိုဟင်ဂျာတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

ထိုင်းမှာအလုပ်လာလုပ်ဖို့ မြန်မာပွဲစားအဆက်အသွယ်နဲ့ ဝင်ရောက်လာကြောင်း၊ ကားမောင်းသမားကတော့ ထိုင်းလူမျိုးဖြစ်ပြီး သူဟာ ကားကိုအမြန်မောင်းလာတဲ့အပြင် အိပ်ငိုက်ပြီး အခင်းဖြစ်တဲ့နေရာရောက်တော့  လမ်းဘေးကိုချော်ထွက်သွားကာ ကျောက်တုံးကြီး တတုံးကို အရှိန်ပြင်းစွာဝင်တိုက်ပြီး တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။ 

ကားသမားကတော့ အနီးရှိတောအုပ်ထဲ ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ကားပိုင်ရှင်အမည်နဲ့ ဆက်လက်စုံစမ်းရှာဖွေပြီး လဝက ဥပဒေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဥပဒေတွေနဲ့အရေးယူသွားမယ်လို့ တာဝန်ရှိသူက ပြောသွားပါတယ်။ 

2 mins Ago

October 5, 2022

မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ပွင့်နေခြည် ဇာတ်သဘင်အဖွဲ့ကား တိမ်းမှောက်၊ ၇ ဦးသေဆုံး

မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ  မော်လမြိုင်ပွင့်နေခြည် ဇာတ်သဘင် အဖွဲ့ကား တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ်တဦးအပါအဝင် ၇ ဦး သေဆုံးကာ ၁၀ ဦးထက်နည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြဝတီလူမှုအဖွဲ့တွေဆီက သိရပါတယ်။

မော်လမြိုင်ပွင့်နေခြည် ဇာတ်သဘင်အဖွဲ့ဟာ မြဝတီမြို့ကို ပွဲကဖို့သွားရာ အောက်တိုဘာ ၅ ရက်နေ့ ညနေ ၄ နာရီလောက်က အာရှလမ်းမှာ ဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့တာပါ။ 

ကားပေါ်မှာ လူ ၂၈ ဦး လိုက်ပါစီးနင်းလာပြီး ၂ နှစ်အရွယ် မိန်းကလေး ၁ ဦးနဲ့ အမျိုးသား ၆ ဦး စုစုပေါင်း ၇ ဦးသေဆုံးသွားတာလို့ မြဝတီလူမှုကူရေးအဖွဲ့တွေဆီက သိရပါတယ်။

ရုပ်အလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို လူမှုကူညီရေးအသင်းတွေက မြဝတီဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

5 months Ago
Up