close

ကားဖြင့်တိုက် ပစ်ခတ်ဖြိုခွင်း

close

May 31, 2021

ကျောက်မဲသပိတ်စစ်ကြောင်းကို ကားဖြင့်တိုက် ပစ်ခတ်ဖြိုခွင်း၊ ၁ ဦးဒဏ်ရာရ ၃ ဦး ဖမ်းဆီးခံရ

စစ်အာဏာရှင်ကျဆုံးရေး နေ့စဉ်ဆန္ဒပြနေတဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့က ဆိုင်ကယ် သပိတ်စစ်ကြောင်းကို  မတ်လ ၃၁ ရက် ဒီကနေ့မနက် ရဲနဲ့ စစ်တပ်က ကားနဲ့တိုက် ကျည်ဆန် အစစ်နဲ့ ပစ်ခတ် အကြမ်းဖက်ဖြိုခွဲခဲ့ရာမှာ ပြည်သူ ၁ ဦး ဒဏ်ရာရပြီး  ၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ 

ဒီကနေ့မနက် ၉ နာရီကျော်က အင်အား ၅၀ လောက်ရှိတဲ့ ဆန္ဒပြသူတွေဟာ ဆိုင်ကယ်စီးပြီး ရပ်ကွက် ၁ ပင်လုံလမ်း ရှမ်းကျောင်းကြီးနားရောက်စဉ် စစ်တပ်နဲ့ ရဲပါတဲ့ ကား ၂ စီးက သူတို့ရှေ့မှာရောက်လာပြီး  ကျည်ဆန်အစစ်နဲ့ရော အသံဗုံးတွေနဲ့ ပစ်ခတ်သလို ကားနဲ့လိုက်တိုက်ခဲ့ တယ်လို့  ကျောက်မဲဒေသခံ ၁ ဦးက ပြောပါတယ်။ 

“ကနေ့မနက်လည်း ခါတိုင်းလိုပဲ ဆိုင်ကယ်သပိတ်နဲ့ထွက်လာတယ်၊ ပင်လုံလမ်း ထိပဲ ရောက်သေးတယ် စစ်ကား ၁ စီးနဲ့ ရဲတွေပါလာတဲ့ အရပ်သား ၁ စီးက ရှေ့မှာပိတ်ရပ်ပြီး သေနတ်နဲ့ပစ်တာ ကျည်အစစ်တွေ သေနတ်သံ ၅ ချက် ၆ ချက်လောက်ကြားတယ်။ ပြီးတော့ အသံဗုံးနဲ့လည်း ပစ်တယ်။ ဆန္ဒပြတဲ့လူတွေကို ကားနဲ့လိုက်ဖမ်းတယ်၊ မိန်းကလေး ၃ ယောက် အဖမ်းခံရတယ်၊ သူတို့ဖုန်းတွေရော ဆိုင်ကယ်ရော သိမ်းသွားတယ်။ နောက်တယောက်က ခြေထောက်ကို ကျည်ထိတာ သူကတော့ အဖမ်းမခံရဘူး၊ ပြေးရင်းနဲ့ ထိမိပြီး လွတ်လာတယ်။ ဆန္ဒပြတဲ့လူတွေက ထွက်ပြေးပြီး နောက်တနေရာမှာ လူစုပြီး ဆိုင်ကယ်နဲ့ ထပ်ပတ်သေးတယ်။ နောက်ထပ်အဖမ်းခံရတဲ့ သူရှိချင်ရှိဦးမယ် ဒါပေမယ့် အသေချာမသိသေးဘူး။”

ဒီကနေ့အဖမ်းခံရတဲ့  ၃ ယောက်ထဲမှာ ၁ ယောက်ကို သီပေါထောင်ပို့လိုက်တယ်လို့ ကြားပြီး သူတို့အားလုံး မိန်းကလေးတွေချည်းမို့ မညှာမတာနှိပ်စက်မှာလည်း စိုးရိမ်သလို ဖုန်းက ရဲလက်ထဲ ရောက်သွားတော့ ဖုန်းထဲကအချက်အလက်တွေယူပြီး တခြားသူတွေ လိုက်ဖမ်းမှာလည်း စိတ်ပူတယ်လို့ ကျောက်မဲဒေသခံက ပြောပါတယ်။

ကျောက်မဲမှာ အရင်ကလည်း သပိတ်စစ်ကြောင်းဖြိုခွဲခံရတာ၊ ဆန္ဒပြသူတွေ အဖမ်းခံရတာတွေ ရှိခဲ့ပေမယ့် မကြောက်မရွံ့ နေ့စဉ်မပျက် သပိတ်စစ်ကြောင်းထွက်နေကြတာလည်း ဖြစ်ပါတယ်။

6 mins Ago
Up