ထိုင်းနိုင်ငံတောင်ပိုင်း၊ နာရာသီဝပ်ခရိုင်ထဲမှာ တရားမဝင်မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ ကား ၁ စီး စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းထွက်ပြေးစဉ် မတော်တဆတိမ်းမှောက်သွားလို့ သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ The Poligens News ထိုင်းရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြပါတယ်။
မေလ ၅ ရက် ညနေ ၄ နာရီခွဲလောက်က နာရာသီဝပ်ခရိုင် ယိငေါ့မြို့နယ် တပေါယောအုပ်စု ပူကေ့ပါကုန်းရပ်ကွက် ဗလီရှေ့မှာ အဖြူရောင် SUV ကားတစ်စီး လမ်းဘေးက မြောင်းထဲထိုးကျသွားကြောင်းသတင်းရတဲ့အတွက် အရေးပေါ်လူနာတင်ကားနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါကားပေါ်မှာ တရားမဝင်မြန်မာလုပ်သား ၁၃ ဦး လိုက်ပါလာပြီး မတော်တဆထိခိုက်မှုကြောင့် ၂ ဦးသေဆုံးကာ ကျန်သူတွေ ဒဏ်ရာရခဲ့ကြောင်း၊ ထိ ခိုက်ဒဏ်ရာရသူတွေကို ရှေးဦးသူနာပြုစုပြီး ယိငေါ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒေသခံလူမှုကွန်ရက်တွေမှာတော့ ရဲကားက အဆိုပါ ကားနောက် လိုက်ဖမ်းရင်း အနောက်ကနေ ဝင်တိုက်ကာ တိမ်းမှောက်သွားတဲ့အခါ ဆင်းမကြည့်ဘဲ ဆက်မောင်းသွားတယ်လို့လည်း ပြောဆိုနေကြပါတယ်။
ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၄၅ နဲ့ ၄၅/၁ ဖာလုံကြားမှာ ဧပြီ ၆ ရက်၊ မနက် ၁၀ နာရီလောက်က အိမ်စီးကားတစီး တိမ်းမှောက်ခဲ့ပြီး ၁ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က ပြောပါတယ်။
အဆိုပါ Isuzu bighorn အမျိုးအစား အဖြူရောင်ကားပေါ်မှာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦး လိုက်ပါလာကာ မိုင်တိုင် ၄၅ နားမှာ ကားရဲ့ ညာဘက်ရှေ့ဘီး ကျွတ်ထွက်ပြီး တိမ်းမှောက်ခဲ့တာကြောင့် မ ၁ ဦး သေဆုံး၊ ကျား ၁ ဦး၊ မ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ရှေ့ညာဘက်ဘီး ကျွတ်ထွက်ပြီး ကားက တပတ်လည် မှောက်သွားတာ။ DB က မ ၁ ဦး ထွက်ပါတယ်။ တံခါးနားထိုင်တဲ့ တဦးပါ။ ဒဏ်ရာရသူတွေက ကားနောက်ဖုံးထဲက မ ၂ ဦး၊ ယာဉ်မောင်း ကျား ၁ ဦး ထိထားတယ်။ ခေါင်းပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာတွေ ရထားတယ်။ 192 အမြန်လမ်း လူနာတင်ယာဉ်နဲ့ ပဲခူးဆေးရုံ ပို့ပေးထားပါတယ်” လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ယာဉ်တိမ်းမှောက်တဲ့နေရာကို ဘောနက်ကြီး အမြန်လမ်းမီးသတ်တပ်ဖွဲ့နဲ့ မြို့ခံ လူမှုကူညီရေးအသင်းတွေက ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြပြီး သေဆုံးသူနဲ့ လူနာတွေကို ပဲခူးပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၄၅ အနီးမှာပဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက ခရီးသည်တင် မှန်လုံကားတစီး တိမ်းမှောက်ခဲ့တာကြောင့် ကျား ၁ ဦး သေဆုံး၊ ကျား ၂ ဦး၊ မ ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။
၂၀၂၃ ဧပြီ ၁ ရက်ကနေ ၆ ရက်နေ့အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် ယာဉ်မတော်တဆမှုဖြစ်စဉ် ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။