တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ယာယီဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားတဲ့ ကားလမ်းတွေကို ဧပြီ ၂၉ ရက် ဒီနေ့ ပြန်လည်ဖြတ်သန်းသွားလာခွင့်ပေးလိုက်ပြီလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မတ် ၂၈ ရက်ကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ မြိတ်-တနင်္သာရီ-ဘုတ်ပြင်းကားလမ်းရှိ ပြည်ထောင်စုလမ်းမနဲ့ ထုံခါ-မောတောင် ကားလမ်းရှိ နယ်စပ်ကုန်သွယ်ရေးတို့ကို ဧပြီ ၁ ရက်မှာ တော်လှန်ရေးအင်အားစုတွေကနေ ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ပင်လိုက်တာပါ။
ခရီးသွားပြည်သူတဦးက “ပုံမှန်သွားလာနေတဲ့ ကားလမ်းတွေပြန်ဖွင့်တော့ ခရီးသွားပြည်သူအတွက် အဆင်ပြေစေတာပေါ့။ ရေလမ်းခရီးလို အချိန်ကြန့်ကြာတာမျိုးမရှိဘူးလေ။ သူတို့သတ်မှတ်ထားတဲ့အတိုင်း သွားလာဖို့ကလည်း အရေးကြီးပါတယ်" လို့ ပြောပါတယ်။
အဆိုပါကားလမ်းမတွေကို ပြန်လည်ဖြတ်သန်းခွင့်ပြုထားပေမဲ့ ခရီးသွားပြည်သူတွေအနေနဲ့ မနက် ၅ နာရီကနေ ညနေ ၇ နာရီအထိသာ သွားလာကြဖို့၊ စစ်ကောင်စီရဲ့ ဂိတ်စခန်းအနီးကနေ သွားလာတာမလုပ်ဖို့နဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ လက်နက် ခဲယမ်းတွေကို တင်ဆောင် လာတာတွေ မလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ခရီးသွားပြည်သူတွေအနေနဲ့ လုံခြုံရေးအရ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆေးဆောင်ရွက်မှုတွေကို လိုက်နာပေးကြဖို့ကိုလည်း သတိပေးထားပါတယ်။
ဧပြီ ၂၆ ရက်ကလည်း မြိတ်-မောတောင်ကားလမ်းမပေါ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် မြိတ်-မောတောင်ကားလမ်းမတလျှောက် ကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေ ဒီနေ့အထိ နေရပ်မပြန်နိင်ကြသေးဘူးလို့ သိရပါတယ်။
ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်းမြို့နဲ့ ရသေ့တောင်မြို့ကို ဆက်သွယ်ထားတဲ့ ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို စစ်ကောင်စီက ဇွန်လကတည်းက သွားလာခွင့် ပိတ်ပင်ထားတာဖြစ်ပြီး ၇ လကျော် ကြာမြင့်လာတဲ့အထိ ပြန်ဖွင့်မပေးသေးတာကြောင့် ဒေသခံတွေက အဲဒီလမ်းကို ပြန်လည်ဖွင့်ပေးဖို့ လိုလားနေကြပါတယ်။
အဲဒီကားလမ်းဟာ ရသေ့တောင်မြို့ကို ရန်ကုန်-စစ်တွေ လမ်းမကြီးနဲ့ အဓိကချိတ်ထားတဲ့ လမ်းဖြစ်သလို ရသေ့တောင်မြို့နယ်က ကျေးရွာ ၂၀ ကျော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာ ၃၀ ကျော်လည်း အဓိက အားထားနေရတဲ့လမ်း ဖြစ်ပါတယ်။
အဲဒီကားလမ်းကို ပိတ်ပင်ထားတာကြောင့် ရသေ့တောင်မြို့နယ်က ဒေသခံတွေရဲ့ ကုန်စည်စီးဆင်းမှု အချိန်ကြန့်ကြာတာတွေ ရှိနေတယ်လို့ ရသေ့တောင်မြို့ခံတဦးက ပြောပါတယ်။
“ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်း ပိတ်ထားတော့ ကျနော်တို့မြို့မှာ ရေကြောင်းလမ်း တခုတည်းပဲ အားထားနေရတော့တယ်။ အဲဒီကားလမ်း ဖွင့်တုန်းကဆိုရင် ကျနော်တို့မြို့က စစ်တွေကို နေ့ချင်းပြန် သွားလို့ရတယ်။ ကုန်စည်သယ်ယူပို့ဆောင်ရတာတွေလည်း မြန်ဆန်တယ်။ အခုက ရေကြောင်းနဲ့သွားရတယ်ဆိုတော့ တအိပ်ညခရီးမဟုတ်ရင် အဆင်မပြေဘူး။ ကုန်စည်စီးဆင်းမှုကလည်း အချိန်ကြန့်ကြာမှုတွေ ရှိကြတယ်။ ဒီလမ်းကိုတော့ ပြန်ဖွင့်ပေးစေချင်တယ်။”
အဲဒီ ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်ကောင်စီက သွားလာခွင့် ပိတ်ပင်ထားခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်က စစ်ကောင်စီနဲ့ အေအေတို့အကြား ယာယီ အပစ်အခတ် ရပ်စဲပြီးနောက် စစ်ကောင်စီက ပိတ်ပင်ထားတဲ့ ကုန်းလမ်း၊ ရေလမ်းတချို့ကို ပြန်လည်ဖွင့်ပေးခဲ့ပေမဲ့ အခုကားလမ်းကိုတော့ ပိတ်ပင်ထားဆဲဖြစ်ပါတယ်။
လမ်းပေါ်မှာရှိတဲ့ ရွာတွေက ဒေသခံတွေကို စစ်တပ်က နားလည်မှုပုံစံမျိုးနဲ့ ဆိုင်ကယ်၊ တုတ်တုတ်တွေနဲ့ သွားလာခွင့်ပြုထားပေမဲ့ လူစိမ်းဆိုရင် တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းတာတွေ ရှိတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာသား တဦးက ပြောပါတယ်။
“အပစ်အခတ်ရပ်စဲပြီးနောက် သွားလာခွင့် နည်းနည်းဖြေလျေှာ့ပေးတယ်လို့ ပြောလို့ရတယ်။ လမ်းပေါ်မှာရှိတဲ့ ရွာတွေက ဒေသခံတွေကို ဆိုင်ကယ်တွေ၊ တုတ်တုတ်တွေနဲ့တော့ သွားခွင့် နည်းနည်းတော့ပေးတယ်။ ကားတွေနဲ့တော့ မသွားရဘူး။ ကုန်တွေလည်း သယ်ခွင့်မရှိဘူး။ ညတွေမှာ ကျန်းမာရေးမကောင်းဘူးဆိုရင် တော်တော်ေလး ဒုက္ခရောက်ကြတယ်။ လမ်းမဖွင့်တော့ သွားချင်တိုင်း သွားမရဘူး။ ခွင့်တင်ရတယ်။ ခွင့်ပြုချက်မရရင် မသွားရဘူး။ လမ်းပေါ်မှာက စစ်တပ်က စစ်ဆေးဂိတ် ၃ ဂိတ်ရှိတယ်။ လူစိမ်းတွေ ဒီဘက်ရွာတွေက မဟုတ်တဲ့သူတွေဆိုရင် တော်တော်ေလးကို တင်းတင်းကျပ်ကျပ်စစ်တယ်။ မှတ်ပုံတင် မပြနိုင်ရင် ဖမ်းခံရနိုင်တယ်။”
အဲဒီကားလမ်းကို ပိတ်ထားတာကြောင့် ကားသမားတွေလည်း အလုပ်လက်မဲ့တွေ ဖြစ်နေကြပြီး စားဝတ်နေရေး ခက်ခဲမှုတွေ ရှိနေကြတယ်လို့ ကားသမားတဦးက ပြောပါတယ်။
“လမ်းပိတ်ထားတာ ၇ လကျော် ၈ လနီးပါးရှိလာပြီ၊ ဘာကြောင့်ပြန်မဖွင့်လဲ ဆိုတာတော့ မသိဘူး။ တိုက်ပွဲတုန်းက ပိတ်ထားခဲ့တဲ့ လမ်းတွေလည်း အကုန်လုံး ပြန်ဖွင့်ပေးလိုက်ပြီ။ ဒီလမ်းကိုလည်း ပြန်ဖွင့်စေချင်တယ်။ လမ်းပိတ်ထားတော့ ကျနော်တို့လည်း ကားမဆွဲရတော့ စားဝတ်နေရေးက ခက်ခဲမှုတွေ ရှိလာနေကြပြီ။”
ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းပေါ်မှာ စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာ၊ လက်ဝဲစာတိုက်ကျေးရွာနဲ့ ပိန္နဲတောကျေးရွာတို့မှာ စစ်ဆေးရေးဂိတ်တွေ ချပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးသလို ပေါက်တောပြင်ကျေးရွာအနီးရှိ တောင်ပေါ်မှာလည်း စစ်ကောင်စီက တပ်စွဲထားပါတယ်။
ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းမကို ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသရှိ ကျေးရွာပေါင်း ၃၆ ရွာက ဟင်းသီးဟင်းရွက်နဲ့ ဒေသထွက်ကုန်တွေကို တင်ပို့ရာမှာ အဓိက အားထားနေရတဲ့ လမ်းဖြစ်သလို ရသေ့တောင်မြို့က ကျေးရွာ ၂၀ ကျော်ကလည်း ရသေ့တောင်မြို့နဲ့ ဆက်သွယ်ရာမှာ အားပြုနေရတဲ့ကားလမ်း ဖြစ်ပါတယ်။